[By Aung Thet Paing]
"ငါတို့ဟာ . . ."
တစ်ခါမှ
မြန်မာဖြစ်ရတာ
ဂုဏ်ငယ်တယ် မထင်ခဲ့ဘူး . . .
ဘယ်လောက် နိုင်ငံဆင်းရဲရဲ
ဘယ်လောက် တိုးတက်မှု့နည်းနည်း
တချိန်က သမိုင်းစာမျက်နှာတွေမှာ
ကြက်သီးထဖွယ် ဂုဏ်ယူစရာများ
လက်ညိုးထိုးပြစရာ အထင်အရှားရှိခဲ့တယ် . . .
အလောင်းမင်းတရား
ဗိုလ်ချူပ်အောင်ဆန်း
ဦးသန့်
ဘယ်အရာကမှ
သူရဲကောင်းနဲ့ပညာတတ်တွေကို
ဖျောက်ဖျက်ပစ်လို့မရဘူး . . .
အတိတ်ကရွှေထီးဆောင်းခဲ့သမျှ
ပစ္စုပန်အရူးထီးဆောင်းနေကြရ
ကမ္ဘာမှာ မြန်မာဆိုတာ
သနားစရာနဲ့ အနှိမ်ခံသတ္တ၀ါတွေတဲ့လား
ဘိုးဘေးတွေကိုအရှက်ရစရာ
မျက်နှာထက် ရင်ဘတ်နာတယ် . . .
ဖြူစင်ရိုးသား
ဂါဝရတရား
လက်ကိုင် ထားကြတဲ့လူမျိုး
ဇာတိမာန်တက်ကြွ
တိုင်းတပါးလက်အောက်မှ
ရုန်းထွက်ခဲ့ကြတဲ့လူမျိုး
သတိပေးလိုက်ပါတယ်
သမိုင်းကို မမေ့အောင်လို့ . . .
နှစ်ပေါင်း ၆၀ ကျော်
မျက်နှာခြင်း အိုးမဲသုတ်
အိမ်ကြက်ခြင်း ဖြုတ်နေကြရတာ
အခုထိ မ၀ကြနိုင်သေး
ရွှေပြည်တော် မျှော်တိုင်းဝေး
သဘာဝ အသာစီးအရ
အိမ်နီးချင်းလိပ်များကို အကြောပေး
ခြုံထဲဝင်အိပ်နေတဲ့ ယုန်ဘ၀က
နိုးထဖို့သင့်နေကြပြီ ရွှေမြန်မာ . . .
ဖက်ဆစ်ဂျပန်ပေးတဲ့ စစ်ပညာနဲ့
တို့ဗိုလ်ချူပ် ဒင်းတို့ကို ပြန်တော်လှန်
လွတ်လပ်ရေး လမ်းမှန်ကို ပြခဲ့ဖူး
နယ်ချဲ့အင်္ဂလိပ်ပေးတဲ့ ကျွန်ပညာနဲ့
အဘဦးသန့် ကုလအတွင်းဝန်ဘ၀မှ
မြင့်ြ့မတ်စွာ ကမ္ဘာကိုပါ အကျိုးပြုခဲ့ဖူး
အခုတော့ တို့လူမျိုးအချင်းချင်းပေးတဲ့
အမိန့်ပါပါစစ်ဗျုဟာ နဲ့နုံအအပညာတွေကြောင့်ပဲ
တို့တွေနေရာတကာခေါင်းငုံ့နေရတယ် . . .
မြန်မာက မြန်မာလို့ မပြောချင်
မြန်မာက မြန်မာလို မနေရဲ
ဒီအဖြစ်ဆိုးတွေ ရှိလည်း
တို့မြန်မာဖြစ်ရတာ
ဂုဏ်ယူနေဆဲ . . .
တို့မှာ ရဲစွမ်းလှတဲ့ တပ်မတော်ရှိခဲ့တယ်
တို့မှာ ကမ္ဘာသိတဲ့ လူတော်တွေရှိခဲ့တယ်
တို့မှာ ယဉ်ကျေးမှု့မနိမ့်ကျတဲ့ဘိုးဘေးတွေ ရှိခဲ့တယ်
တို့မှာ သယံဇာတပြည့်ဝလှတဲ့ နိုင်ငံတော်ရှိခဲ့တယ်
ရှိခဲ့တယ် ရှိခဲ့တယ် ရှိခဲ့တယ် . . .
တို့နိုင်ငံဟာ လက်တစ်ဆုပ်စာ
အာဏာရှင်တွေ အတွက်မဟုတ်
တို့နိုင်ငံဟာ သူများတကာအတွက်
ကျွန်ခံသူများ ထွက်ရှိရာဒေသမဟုတ်
တို့နိုင်ငံဟာ တိုင်တပါး တို့သနားစရာ
ဒုက္ခသည်များ စုဝေးရာမဟုတ်
နုတ်ခမ်းကို အသာဖိ လိုက်ဆိုကြည့်ပါ
ငါတို့ဟာ မြန်မာ ဖြစ်တယ် . . .
By မာဃလုလင်
0 comments:
Post a Comment