Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ခင်ကြီးဇောနှင့် ခင်ကြီးနော

created the doc: "ခင်ကြီးဇောနှင့် ခင်ကြီးနော"
Rozoner King created the doc: "ခင်ကြီးဇောနှင့် ခင်ကြီးနော"

[By Dhamma Ganga]

 

အေဒီ ၂၀၁၀ခရစ်နှစ်ကြီးထဲ အတွေး တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဒရောသောပါး ဘလော့ဂ်မယ့် သူ့မိတ်ဆွေရဟန်းနှစ်ပါး ပေါ်လာပါတော့တယ်။ အင်းဝခေတ် ကုန်းဘောင်ခေတ်တုန်းက ရဟန်းတော်တွေကို မြတ်မြတ်နိုးနိုး ခေါ်ကြသလို ဆိုရင်တော့ ခင်ကြီးဇောနဲ့ ခင်ကြီးနောလို့ပဲ ခေါ်ကြရပေမှာပ။ ပုဂံခေတ်မှာတော့ သင်ကြီးလို့ သုံးကြတယ် ထင်ပါရဲ့။

 

ကုန်းဘောင်ခေတ်လယ်ခေတ်နှောင်းနဲ့ကုန်းဘောင်အလွန် ဗြိတိသျှအုပ်ချုပ်ရေးကာလတွေမှာတော့ ဘုန်းတော်ကြီးတွေက

ခင်ကြီးနေရာမှာ ဦးပြောင်းပြီး လူ့ဘ၀ငယ်နာမည်နဲ့ တွဲဖက်ကာ ပျော်ပျော်ကြီး သုံးကြတာ တွေ့ရပါရဲ့။

ဆရာတော်ဦးဗုဓ်၊ဦးပိုး၊ဦးကျီး၊ ဦးသီး၊ ဦးကြည်၊ ဦးကြယ်ဆိုသဟာမျိုးပ။

 

အသျှင်ဆိုတာမျိုး သျှင်ဆိုတာမျိုးလည်း သုံးစွဲလာကြတာ တွေ့ရပါသေးတယ်။

ဦးဆိုတာကို အက္ခရာ "ဦး"အယူအဆလေး ကွဲလွဲကာ သုဓမ္မာဆရာတော်တွေက " ဦး" ၊

ရွှေကျင်ဆရာတော်တွေက " ဥုး" ဆိုပြီး သုံးတာမျိုးတွေ့လာရပြန်ပါတယ်။

အကင်းပါးပြီး ဂိုဏ်းဂဏတွေကို လွန်မြောက်လိုတဲ့ အရှင်မြတ်တွေကတော့ "ဦး"နဲ့"ဥုး"ကို ကျောခိုင်းပြီး "အရှင်"ဆိုတာလေးကို လွတ်လွတ်ကင်းကင်း သုံးလာပါတော့တယ်။ အရှင်ဇနကာဘိဝံသ၊ အရှင်ဝိစိတ္တသာရာဘိဝံသ ဆိုသဟာမျိုးပေပ။

 

ခု ခေတ်မှာတော့ ပိုပြီး အဆင်လည်းပြေ၊ ခန့်ခန့်ညားညားလည်းရှိတဲ့ "ဘဒ္ဒန္တ"ဆိုတဲ့ ပါဠိဝေါဟာရကို ဘွဲ့တော် ရဲ့ထိပ်မှာ တံဆိပ်ခတ်လိုက်တဲ့အခါမှာတော့ လူပုဂ္ဂိုလ်တွေရဲ့ မေးခွန်းတွေကို မကြာခဏ ဖြေရတတ်ပါတယ်။ " အရှင်ဘုရား ဘဒ္ဒန္တဘွဲ့ရပြီးပြီလားဘုရား" ဆိုတာမျိုးပါ။ ဘဒ္ဒန္တဆိုတာကို လွတ်လပ်ရေးနေ့မှာ ကြေငြာ ဆက်ကပ်တဲ့ ဘွဲ့တံဆိပ်တော်လို့ ထင်နေကြပေသကိုး။

 

ဘဒ္ဒန္တဓမ္မဂင်္ဂါ ဆိုတာ မစ္စတာဓမ္မဂင်္ဂါ ၊ အရှင်ဓမ္မဂင်္ဂါထက်မပိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဘဒ္ဒန္တဆိုတဲ့ဝေါဟာရကြီးကို ထင်းထင်းကြီးဖြစ်အောင် ရေးထားတဲ့ ယပ်တောင်တော်ကြီးကိုတော့ ထမ်းပြီးသွားခဲ့ဖူးပါသေးတယ်။

ဒါပေမယ့် လေးစားလောက်တဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ " မောင်ရင်တို့လည်းကွယ် ကိုယ့်နာမည်ကြီးကိုယ်ထမ်းသွားနေ ရတာ မလေးဘူးလားကွယ်ရို့" ဆိုတဲ့အသံကို ကြားမိတော့ မျက်နှာအပူသား။

အဲဒါနဲ့ သံဖြူဇရပ်ဘက်က လာတဲ့ ထန်းရွက်ယပ်တောင်လေး ပြောင်းသုံးရလေတော့တာကိုး။

 

ခင်ကြီးဆိုတဲ့ ဝေါဟာရကိုတော့ ငယ်စဉ်ကိုရင်ဘ၀က မကာရလောပအကျော် ခင်ကြီးဖျော်(ပျော်)ရဲ့ သဒ္ဒါကျမ်း အနှစ်ချုပ် ပုဒ်စစ်ကျမ်းကို အော်ကျက်ခဲ့ရကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့တာကလား။ ဥပမာသမူဟ ဂီရက္ကမကျမ်းမှာလား ဦးပေါ်ဦးလျှောက်ထုံးမှာလား အခြားကျောင်းကန်အနီးပြောကြဆိုကြတဲ့ ဟာသပုံပမာ စကားဝိုင်းမှာလား ကြားရဖူး ဟားရဖူးတဲ့ " ဒို့နှစ်ယောက်နောက် ခင်ကြီးပေါက်" ဆိုတဲ့ ပုံပြင်လေးကလည်း ခင်ကြီး ဆိုတဲ့ဝေါဟာရလေးကို အကျွမ်းတ၀င် ဖြစ်စေတော့တာပါ။

 

ခင်ကြီးဇောဆိုတာကတော့ ဂျာမဏီနိုင်ငံမှာ သတင်းသုံးပြီး "မြတ်ရောင်နီ"ဘလော့ဂ်စာမျက်နှာကြီးကို ၂၀၁၀ နှစ်ဆန်းတစ်ရက်နေ့မှာပဲ မင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တဲ့အရှင်တေဇောဘာသ(မြင်းခြံ)ဖြစ်ပါတယ်။ ခင်ကြီးဇောနဲ့က ရန်ကုန် ထေရ၀ါဒတက္ကသိုလ်နေ့ရက်များမှာ မျက်မှန်ထူထူကြီးတပ်၊ သင်္ကန်းကို သပ်သပ်ခတ်ခတ်ရုံ၊ ထီးကြီးတစ်ချောင်းကို ထမ်း လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီး သွားအဖွေးသား ပြုံးကာ ရောက်လာတတ်တဲ့ ရဟန်းတော်တစ်ပါးအဖြစ် ရင်းနှီးခဲ့ရပါတယ်။ ထေရ၀ါဒတက္ကသိုလ်မှာ ဗုဒ္ဓဓမ္မ၀ိဇ္ဇာဘွဲ့ ယူပြီးတဲ့နောက်မှာတော့ ခင်ကြီးဇောက သီဟိုဠ်ကျွန်းညိုဆီ ပညာရေးကွန်းခိုဖို့ ထွက်ခွာသွားခဲ့ပါတော့တယ်။

 

အဲဒီအချိန်ကတည်းက မတွေ့ဖြစ်ကြတော့တာပါ။ သူ မဇ္ဈိမကို ထွက်လာဖြစ်တဲ့ အချိန်မှာမှ အွန်လိုင်းမှာ ဘွားကနဲ ဆုံကြရပြန်တာပါ။

 

နောက်မကြာမီ ခင်ကြီးဇောက သီဟိုဠ်ကို ဘုရားဖူးကြွလာတဲ့ ဂျာမန်ဘုန်းတော်ကြီးကို တရားဓမ္မ အဟောအပြကောင်းလို့ မဟာဝိဇ္ဇာဘွဲ့ယူအပြီး တိုင်းဂျာမဏီ ရွှေပြည်ထုတ်ချောက် လမ်းမကောက်ဘဲ အရောက်ကြွဖို့ ပင့်ဆောင်သွားပြီလို့ သတင်းကောင်းကြားရပြန်ပါတယ်။ အဲဒီအချိန်မှာ သူကလည်း ဓမ္မဂင်္ဂါရေစီးကို ပရိသတ်ကျဉ်းကျဉ်းလေးထဲ သွန်းလောင်းချနေခဲ့ပါတယ်။ ခင်ကြီးဇောကတော့ ပင်တိုင်ကူးခတ်သူပါပဲ။ သူက တိုက်တွန်းဖြစ်ပါတယ်။ အနောက်နိုင်ငံကို ရောက်နေတဲ့ ရဟန်းတော်တစ်ပါးဆီက အသံကို ကြားချင်ပါတယ် လို့။ သူရဲ့ဝါသနာနဲ့ စာပေဓါတ်ခံတွေကိုလည်း မြင်နေမိသကိုး။ ဒီလိုနဲ့ "မြတ်ရောင်နီ" ဘလော့ဂ်တော်ကြီး ပေါ်လာတော့ သာဓု ခေါ်မိပါတော့တယ်။

 

ခင်ကြီးဇောရဲ့ဘလော့ဂ်ဖွင့်ဦးစနေ့မှာပဲ သူက ဒီလို အဘိယာစက အမှုပြုခဲ့မိပါတယ်။

ဓမ္မဂင်္ဂါ said...

 

''ဇာမဏီပြည်ကြီး၌ နေထိုင်ပျော်မွေ့ သာသနာအလေ့ကို ပြလျက်ရှိပါသော မြတ်ရောင်နီအရှင်၏ ဒေသနာခရီးကို ရှာမှီးသိလိုပါသော ကျွန်ုပ်တို့ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့အား သနားလည်းဟော မသနားလည်းဟော တရားသဘောပေါက်ဖို့သာ လိုရင်းဟု မှတ်ကြပါမည်။

အတွဲ ပထမမှသည် နိဂမနိဂုံး အဆုံးမသတ် တုံးတိကြီး ဖြတ်မပစ်လိုက်ပါနှင့်

မဇ္ဈိမဒေသ ဥတ္တရတိုင်း ဗာရာနဂရနေ ဓမ္မဂင်္ဂါမောင်ရှင်က နောင်အစဉ်နာလိုကြောင်းပါဘုရား။

ပုဒိအာနှင့် ပြည့်စုံရပါလို၏။'''

 

ခင်ကြီးဇောကလည်း စာရေးဖြစ်တဲ့ အကြောင်းတွေကို "စာရေးဆရာနားနီးစာရေးဆရာ" ဆိုပြီး ပြန်ပြောင်း ရေးပြပါသေးတယ်။

 

"အဲဒီထဲမှာ ကိုယ်နဲ့  နီးစပ်တာက တက္ကသိုလ်ဆရာများလည်းဖြစ်၊

အပ္ပမာဒ ပင်တိုင်စာရေးဆရာများဖြစ်တဲ့-ဒေါက်တာ အရှင်အာစာရ၊

ဒေါက်တာကျမ်းပြု အရှင်ပါရမီ၊ ပြီးတော့ ကိုယ့်ထက် စီနီယာဖြစ်တဲ့

မော်ဒန်-အရှင်ဝိစိတ္တသာရ ( ယခု ဓမ္မဂင်္ဂါ ) ဘလော့ အုန်နာ။

ပြီးတော့ ဆရာဖြစ်တဲ့ ကဗျာဆရာ မောင်သစ်ဝေ (မြင်းခြံ) ။ ကဲ ဒီလို

စာရေးဆရာတွေကြား ရောက်သွားတဲ့ ကိုယ်။

စာရေးချင်စိတ်က ကလိကလိ ဖြစ်လာတယ်။

ဒါနဲ့ ပဲ စာရေးချင်တဲ့ကြောင်း ပြောပြတော့လည်း ဒီအရှင်တွေက တွယ်စမ်းပါတဲ့။

ကိုယ်သိထားတာတွေ ရေးချလိုက်စမ်းပါ လို့  မြှောက်ပင့်ကြလို့ စာရေးဆရာ

ဖြစ်လာပါတယ်။"

 

တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲတွန်းတွန်း၊ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲနီးနီး ကိုယ့်မှာဝါသနာနဲ့ ဇလေးကလည်း ရှိဦးမှဖြစ်မှာ။ ဒီတော့ သူကလည်းခင်ကြီးဇောရဲ့ ပို့စ်အောက်မှာ ဒီလိုလေး မှတ်ချက်ပေးမိပြန်ပါတယ်။ ခင်ကြီးတို့ သင်ကြီးတို့ဆိုတဲ့ ဝေါဟာရလေးတွေ နှစ်ခြိုက်မိတော့လည်း ရေးမိတာကိုက ကုန်းဘောင်ဆန်သလိုလို၊ ဆုတောင်းစာလို ဖြစ်သွားခဲ့ပါသေးတယ်။ တတ်နိုင်ပေဘူး။ လက်ကကျူးမိပြီကိုး။

 

ဓမ္မဂင်္ဂါ said...

 

စာရေးဆရာ မဟာရောင်နီ ဇာမဏီကျော် လူတော်ဥက္ကဋ္ဌ် အတ္ထုပ္ပတ်ကို သိရပါမှ အော် ကောင်းလင့်တေး ကောင်းလင့်တေး ပီတိကို မွေးမိတော့သည်။ ငါသည်ကား အရတော်လေစွ အရတော်စွ ဟု စူဠဥဒါန်း အခါခါလွှမ်းတော့သည်။ စာရေးဆရာနီး စာရေးဆရာ ဖြစ်ထိုက်စွာသား စကားအရှိ ဆိုလေဘိသော်လည်း အသိဓါတ်ခံ အတွေးဥာဏ်ထွက်မှသာလျှင် အချက်ကျကျ ဓမ္မအရေး မျှော်တွေးထောက်ဆ ဖော်ပြနိုင်ပေမကိုးဗျ။

ဟင်းအိုးနားနီးသော်ငြား ခါးခါးချိုချို အပိုမသိ ယောင်းမစကားပုံအရှိသား။

စိတ်အားမငယ် အတွေးကြွယ်သမျှ ရေးခြယ်ပြဖို့သာ မျှော်လင့်ရတော့သည်။

ဇာမဏီဘောင်အတွင်း သာသနာပြောင်ဝင်းအောင် အရောင်အဆင်းကိုသာ လင်းပါရော့ မြတ်ရောင်နီအရှင်ကိုယ်တော်မြတ်ကြီးဘုရား။

(သာဓု သာဓု သာဓု)

 

ဘာပဲဖြစ်ဖြစ် အနောက်မှာ နေထွက်နေတဲ့ အရှင်တွေရဲ့ ခြေလှမ်း လက်လှမ်းတွေကိုတော့ မှီသလောက် သိချင်တာ အမှန်ပါ။ ဘာလုပ်နေကြပါလိမ့်ပေါ့။ ခင်ကြီးဇောရဲ့ ဥရောပသာသနာစာမျက်နှာကိုတော့ လှမ်းလှမ်းမျှော်မိကြောင်းပါ။

 

နောက်တစ်ပါးကတော့ ဗာရာဏသီရေအတူ သောက်နေတဲ့ ခင်ကြီးနောပါ။ ဘွဲ့အမည်အပြည့်အစုံကတော့ အရှင်ဉာနောဘာသာလင်္ကာရပါ။ နောက်မှာ ရွှေပြည်ကြီးတုန်းက ရတဲ့ဘွဲ့တွေလည်း မနည်းဘူးပ။ ခင်ကြီးနောကလည်း မျက်မှန်အ၀ိုင်းသားနဲ့ သင်္ကန်းတဖားဖားရုံကာ သူ့အခန်းကို ရောက်လာလေ့ရှိပါတယ်။

 

များသောအားဖြင့် ဉာဏ်ကို ကိုယ်စားပြုတဲ့ စကားလုံးတွေ ရေးတဲ့အခါ ဏကြီးအက္ခရာနဲ့ရေးလေ့ရှိပါတယ်။ ဒါပေမယ့် ရွှေကျင်ထိပ်ခေါင်တင် ဆရာတော်ကြီးတွေကတော့ နငယ်နဲ့တခုတ်တရ ရေးလေ့ရှိပါတယ်။ သာသနာပိုင် မြောင်းမြဆရာတော် အရှင်ဉာနာဘိဝံသ၊ အင်္ဂလန်သာသနာပြု မြောင်းမြဆရာတော် အရှင်ဉာနိက ဆိုတာမျိုးပါ။ ခင်ကြီးနောကတော့ နငယ်နဲ့ ရေးရတာက ပိုလွယ်သဟ လို့ပြောလေ့ရှိပါတယ်။

 

ခင်ကြီးနောကလည်း ကမ္ဘာကြီးတစ်ခုလုံး ဘလော့ဂ်ကုန်ကြပြီ။ ကျန်မနေသင့်တောဘူး ဆိုတဲ့ အတွေးနဲ့ " ကိုနော" ဆိုတဲ့ ဘလော့ဂ်တစ်ခုကို အပြင်းမောင်းနှင်ဖို့ စိုင်းပြင်းနေတော့တာပါ။ ကြိုဆိုရမှာ တစ်ခုက ခင်ကြီးနောရဲ့ ဘလော့မှာ ဟိန္ဒီဘာသာပြန် လက်ရာသန့်သန့်တွေကို ဖတ်ကြရမှာပါ။ ခင်ကြီးနောရဲ့ အခန်းထဲမှာ ဟိန္ဒီအဘိဓါန်ကြီးတွေ၊ အမျိုးအမည်မသိတဲ့ ဘုတ်အုပ် ထူထူကြီးတွေနဲ့ ပွနေပါတယ်။

တမင်တကာ ဖွထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကုပ်ကုပ်စိုက်စိုက် အားထုတ်နေတာပါ။

 

ပြီးတော့ ခင်ကြီးနောက အဘိဓါန်ထူထူကြီး တစ်အုပ်ပြုစုဖို့ ပြင်ဆင်နေပါသေးတယ်။ အဘိဓါန်ရဲ့ အမည်သညာ ခေါ်စရာကား "လက်ယားအဘိဓါန်" ဟူလို၊( လက်ယားလို့ မနေနိုင် မထိုင်နိုင် ထရေးတဲ့အဘိဓါန် လို့ ခင်ကြီးနောက အနက်ဖွင့်ပြပါတယ်)

 

အိန္ဒိယရောက် မြန်မာရဟန်းတော်အများစုဟာ အင်္ဂလိပ်ဘာသာစာပေနဲ့ တက္ကသိုလ်ပညာရေးကိုပဲ အရယူပြီး ပြန်သွားကြတာ များပါတယ်။ ရှေးခေတ်ဦးဆီက ပညာသင်ရဟန်းတော်တွေကတော့ အိန္ဒိယနိုင်ငံထဲက ရသမျှ ပညာတွေ ထုပ်ပိုးသယ်ဆောင်သွားတတ်ကြတာပါ။ အဘယာရာမဆရာတော်။ အရှင်အာဒိစ္စ၀ံသ၊ အသျှင်ဥက္ကဋ္ဌ၊ ပြည်ဗာရာဏသီဆရာတော် စတဲ့ ပါဠိသက္ကတ ပြာကတစွယ်စုံပညာရှင်ကြီးများ ရွှေပြည်ကြီးရဲ့ စာပေ၀မ်းစာကို ဖြည့်ပေးခဲ့ကြဖူးပါတယ်။

 

ဒီနေ့ခေတ်မှာတော့ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မ၊ စာရေးဆရာကြီးပါရဂူ။ ဆရာကြီးမာဃ စတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ ရွှေပြည်ကြီးရဲ့ စာပေအ၀န်းအ၀ိုင်းကို ဟိန္ဒီစာပေတွေနဲ့ ပေါင်းကူးပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိန္ဒီစာပေပေါင်းကူးဖို့ မျိုးဆက် လိုလာတာတော့ အသေအချာပါပဲ။ ဆရာကြီး ပါရဂူလည်း ပေးနိုင်သမျှ ပေးခဲ့ပြီ။ ချန်ထားနိုင်သမျှ ချန်ခဲ့ပြီ။ ဘယ်သူ လက်ဆင့်ကမ်းမလဲ။

ကဲ ခင်ကြီးနောရေ တောင်ပံခတ်ပေရော။

 

ခင်ကြီးနောရဲ့ ဘလော့က မျက်နှာဖွင့်တုန်းမို့ ပြည့်စုံမှုတော့ မရှိသေးပေဘူး။ နည်းပညာနဲ့ ပတ်သက်ရင် အကန်းလောက် နီးနီးဖြစ်တဲ့ ဓမ္မဂင်္ဂါကို ဆရာတင်ထားရှာလေတော့ စာလုံးတွေ ပျောက်သွားလိုက်၊ ပုံတွေပျောက်သွားလိုက်နဲ့ ခမျာမှာ ဒီရက်ပိုင်းအတွင်း အိပ်ကောင်းခြင်း မအိပ်ရရှာချေဘူး ဆိုပဲ။ လောလောဆယ်တော့ ခင်ကြီးနော ဟိန္ဒီဘာသာကနေ ရွှေပြည်ကြီးရဲ့ ဘာသာနဲ့ တိုက်ရိုက်ပြန်ဆိုထားတဲ့ ကဗျာလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

 

သမီးငယ်လေးရဲ့ ဒိုင်ယာရီ(ကဗျာ)

 

ဖေဖေကြီး...

 

သမီးဟာ

 

ငှက်ကလေးတစ်ကောင်ဖြစ်တယ် ၊

နောက်တော့ ..မြစ်တစ်စင်း ဖြစ်လာတယ် ၊

ကောင်းကင်ပြာလည်း ဖြစ်လာပြန်ရော ....

ဖေဖေကြီးကကော ဘာလဲဟင်....?

 

ဖေဖေကြီးဟာ

မိုးစိုစိုလည်း သွားရဦးမယ် ၊

နေပူပူလည်း သွားရဦးမယ် ၊

မုန်တိုင်းထန်လည်း သွားရဦးမယ် ၊

 

ဖေဖေ့အိပ်မက်က စာအုပ်ကြားမှာဆိုတော့

နူးညံ့တဲ့စကားလုံးတွေကြားမှာ သမီးလည်းရှိနေတယ် ၊

ဘာကြောင့် ပုန်းနေလဲ သိလား ဖေဖေ..?

ဖေဖေ့ဆီမှာ ထီးမှ မရှိတာ ။

 

ဖေဖေ...သမီးလေ

အရာရာကို နားလည်ချင်ပြီ ၊

အရာရာကို ပြောချင်နေပြီ ၊

သမီး ကိုယ်တိုင် ပျံသန်းကြည့်ရတော့မလား?

 

သမီးလေ..

လနဲ့အတူ သွားနေတယ် ၊

လေနဲ့အတူ ပြန်လာတယ် ၊

မိုးရွာတဲ့အရပ်မှာတော့

ရေးချိုးနေလိုက်တယ် လေ..။

 

ကိုနော

၁၃.၈.၂၀၀၈ (က၀ိတာ အဂ်ျကလ် ကဗျာစာအုပ်မှ ၀ိမလ် ကူးမား(ရ်)၏ ဧက် နန်ဟီးဆီ လရကီး ကီ ဒါယရီကို ပြန်ဆိုသည်။)

 

ဓမ္မဂင်္ဂါ

(၂၉-၁၀-၂၀၁၀)

(လွန်ခဲ့တဲ့နှစ်ဦးဆီက ရေးခဲ့တဲ့အဟောင်းလေးပါ။ ချောင်ကပ်နေပြီမို့ မဖတ်ဖူးသေးတဲ့ မိတ်ဆွေများအတွက် ကိုယ့်ရင်ဘတ်ကိုယ် ပြန်တူးမိခြင်းပါ။ မြတ်ရောင်နီအရှင်ကတော့ ဥရောပစာမျက်နှာမှာ သုံးနှစ်တာ သာသနာ့အက္ခရာ အသစ်တွေ ခပ်ထင်းထင်းရေးလို့ မ၀ခင်ရွှေပြည်ကြီးက ပင့်ဆောင်လို့ ၀ါမဆိုမီလေးက ပြန်ကြွသွားပါတယ်..။

ကိုနောကလည်း ရွှေပြည်ကြီးမှ ခရီးလွန်နေလို့ အသစ်ကလေးတွေ မီးမညှိရတာ ကြာပြီ။ လူကို မလွမ်းပေမယ့် စာတွေကိုတော့ တမိပါတယ်။း)

တစ္ဆေများအခြောက်ခံနေရပြီလား ခင်ကြီးနော...

ဖော်ပြလိုက်တဲ့ကဗျာလေးကတော့ ရာသီစာလေးလိုပါပဲလေ...)


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN