[By Moe Ma Ka]
ပြဇာတ်
အောင်သာငယ်
သြဂုတ် ၁၇၊ ၂၀၁၁
ဇာတ်ညွှန်းလွဲ... သရုပ်ဆောင်ညံ့... ဒါရိုက်တာအရူး ...
မြေပုံကျပျောက်... ဘယ်ဘူတာ ဆိုက်မလဲ... အမေးအမြန်း မထူနဲ့...
သံလိုက်အိမ်မြောင်တခု ဆောင်ထားမှ...
လမ်းဆုံးရင် ရွာတွေ့... (သေရွာ)... သေပြီ-ဆရာပဲ...
ကိုယ့်မြင်းနဲ့ ကိုစိုင်းနဲ့ ... (လက်တွေလည်း လေထဲကို မြှောက်လို့)
ရွာရိုး ကိုးပေါက်ပဲ ရှိသေး ဆယ်ပေါက်ပြည့်အောင်... အင်း...
ကိုယ့်လှေနဲ့ ကိုယ် ထိုး... (ကိုယ့်မျက်နှာကို ကိုယ့်လက်သီးနဲ့)
ခရီး မဆုံးခင် လှည့်ပြန်လား ပြန်ရဲ့ ...
မှတ်တိုင် မရောက်ခင် ဆင်းလို ဆင်းလား ဆင်းရဲ့ ...
(မသာ) ရထား စီးပြီး ဘူတာပျောက်သလား ပျောက်ရဲ့ ...
ကြယ်ကြည့်ပြီး ရွက်လွှင့်မိတဲ့ပင်လယ်... ကြယ်တွေထက်ကို ကျယ်နေပါပေါ့
မှတ်ပြီလား ဟင်... ပင်လယ်ကို ရှာမယ်ဆို ခုတော့ ဘာတတ်နိုင်သေးလဲ ... (အန္ဓ)
ရေဒီယိုထဲက... ခဏခဏ လာလာနေတဲ့ ရော့ခ်သီချင်းလို
ဘ၀က ဘေ့စ်သံတွေ တဒုန်းဒုန်းနဲ့ ...
အုံးအုံးကျွက်ကျွက်ကြီးကို... တက်တက်စင်တွေ လွဲလို့
လေကလေး ဘာလေး ချွန်လိုက်ပါဦးလား... (ကိုယ်တော်)
မချွန်တတ်ရင်လည်း ခဲတံတွေ ဘာတွေ ချွန်... (သားတော်)
ရွပ်ရွပ်ချွံချွံ ဆုံးရှုံး လွဲမှားမှုများကို... တရားပြဖို့တော့
ဘယ်သောအခါမှ မကြိုးစားလေနဲ့ … (ခမည်းတော်)
ဘုရားကျောင်းကို မျက်စောင်းချွန်ချွန်နဲ့ အချက် နှစ်ဆယ်လောက် ထိုးပစ်ခဲ့တယ်
သောက်မြင်ကပ်မှုပါ... တခြား ဘာအကြောင်းမှ မရှိပါ (အာမင်)
သည်နေ့ကတော့ သမိုင်းတင်မယ့်နေ့
(အရှေ့ကနေ နေထွက်တယ် ဂျီးဒေါ်ရေ့။ ဘယ်လိုလုပ်ကြမလဲ ကျုပ်တို့ကမ္ဘာကြီးမှာ)
ကျူးကျော်ရပ်ကွက်ဈေးထဲမှာ နားစွန် နားဖျား ကြားမိတာလေးပါ
ကျုပ်လည်း ဘုရားမှာ ဂုဏ်တော် ကိုးပါးကို ပုတီးစိတ်ဦးမှ ဖြစ်မှာပါ
(လူတကာ ကြားအောင် ကျယ်လောင်စွာ ပြောရင်း
လက်ထဲမှ အပြာစာအုပ်ကို ခပ်အုပ်အုပ်ကလေး ဖွက်ကာ
တပ်ထောင်တာ ဗိုလ်ထုရှေ့မှာ ဗိုလ်ရှုသဘင်ခံသော မျက်နှာဖြင့်
ခေါင်းကိုမော့လျက် လူအများ ရှေ့မှ ၀င့်ကြွားစွာ
တလှမ်းချင်း ထွက်ခွာသွားရင်း
ကိုယ့်ပုဆိုးစ ကိုယ်နင်းကာ ချော်လဲစေ)
ဤတွင်
တခန်းရပ်ပြဇာတ် ပွဲပျက်၏ ။ ။
(သရုပ်ဖော်ပုံကို သည်က ယူပါတယ်)
0 comments:
Post a Comment