မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဆန်ပြည်ပတင်ပို့ခွင့်ပြုသော ပုံစံသစ်ကိုချမှတ်
6/Jul/2011
E-Mail this article Printable Version မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက စပါးစိုက်တောင်သူများသို့ ချေးငွေများများပေးလျှင် ဆန်ပြည်ပ တင်ပို့ခွင့် များများရသော ဆန်တင်ပို့ခွင့်ပုံစံသစ်ကို ဇူလိုင်လ ၁ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုပုံစံသစ်မှာ ဆန်တန်ချိန် ၂၀၀၀ ပြည်ပတင်ပို့ပါက ဆန်အထူးပြုကုမ္ပဏီအနေဖြင့် စပါးစိုက်တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေ အနည်းဆုံး ကျပ်သိန်းတစ်ထောင် ပေးရမည်ဖြစ်သည်။ ထို့အပြင် တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း တစ်ထောင်ထက် ပိုပေးသော ဆန်အထူးပြုကုမ္ပဏီများမှာ ချေးငွေထုတ်ပေးသည့်အပေါ် မူတည်၍ ဆန်တင်ပို့ခွင့် တန်ချိန်ပိုများမည်ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူများက ရှင်းပြသည်။ "ဒီပုံစံသစ်က ဆန်များများ တင်ပို့ချင်ရင် တောင်သူတွေကို များများချေးငွေပေးဆိုတဲ့ ပုံစံပေါ့" ဟု တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှာ ဆန်ပြည်ပတင်ပို့ခြင်းအတွက် ခွဲတမ်းသတ်မှတ်ခွင့်ကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆန်ပြည်ပတင်ပို့ရန် ခွဲတမ်းသတ်မှတ်ခွင့်ရပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆန်တင်ပို့ခွင့်ပြုမည့် ပုံစံသစ်ကို ဆွေးနွေးသဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြထားကြောင်းလည်း သတင်းရရှိသည်။ လက်ရှိ ဆန်ပြည်ပ တင်ပို့ခွင့်ပြုနေသော ပုံစံမှာ ပြည်ပတင်ပို့သည့် ပမာဏစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ဆန်အထူးပြုကုမ္ပဏီများက ရပြီး၊ ၂၅ ရာခိုင်နှုန်းကို ဆန်ပြည်ပတင်ပို့သည့် ရိုးရိုးကုမ္ပဏီများက ရရှိသည်။ ကျန် ၂၅ ရာခိုင်နှုန်းကို ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများက ရရှိခြင်းဖြစ်သည်။ ထိုပုံစံကိုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကပင် ဆွေးနွေးညှိနှိုင်း သဘောတူပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ကျင့်သုံးနေခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
0 comments:
Post a Comment