Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: အသာနေ(ဦးဘုန်း-ဓာတု)

created the doc: "အသာနေ(ဦးဘုန်း-ဓာတု)"
Rozoner King created the doc: "အသာနေ(ဦးဘုန်း-ဓာတု)"

[By Zay Yar Phyo]

 

ကိုယ်နဲ့မဆိုင်ဘူး။ဒီကိစ္စက သူ့ကိစ္စပဲ။ငါနဲ့ ဘာမှမပတ်သက်ဘူး။သူဖြစ်သူခံ။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ" အသာနေ" ဆိုတဲ့ စိတ်ဓာတ်တွေ တွေ့နေရတယ်။ကိုယ့်လမ်းထိပ်မှာ ဘီယာဆိုင်ကြီးတွေ၊အရက်ဆိုင်ကြီးတွေဖွင့်တယ်။ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ထင်ကြတယ်။အရွယ်ရောက်လာတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သားတွေ အရက်ဆိုင်ရောက်သွားပါလေရော။

စာရိတ္တကို အရင်းအနှီးလုပ်ပြီး ကိုယ်ကျင့်တရားကို ငွေလုပ်တတ်တဲ့ မိန်းကလေးတစ်စု လမ်းထဲမှာ အိမ်ငှားနေကြတယ်။

ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ဒီလိုနဲ့ ကိုယ့်အိမ်ကယောက်ျားတွေ ၊သားကြီးတွေ အချိန်တစ်ခုမှာ ငြိစွန်းပတ်သက်ကုန်ကြရော။

ဟိုး..ဘက်အရပ်မှာ မီးလောင်နေတယ်။ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်ပြီးကြည့်နေကြတယ်။မကြာခင်မှာဘဲ အဲဒီလောင်နေတဲ့မီး ကိုယ့်အရပ်ထဲကို ရောက်လာတော့တယ်။

ဒီလိုပါပဲ ကိုယ်နဲ့မဆိုင်ဘူး"အသာနေ" ဆိုတဲ့ တာဝန်မဲ့စိတ်ဓာတ်တွေ ကြောင့် ကိုယ်နှင့်ဆိုင်လာတဲ့အခါ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တတ်ကြတယ်။တွေးကြည့်ကြစမ်းပါ။

"အသာနေ" "အသာနေ" ဆိုပြီး "အသေနာ" ခဲ့ရတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြပါ့မယ်…..

တစ်ခါတုန်းက ရွာတစ်ရွာရဲ့ အိမ်တစ်အိမ်မှာပေါ့။

အဲဒီအိမ်မှာ "ကြွက်" တွေ အလွန်သောင်းကျန်းနေတယ်တဲ့။အိမ်ရှင်ဖြစ်တဲ့လူကြီးက သူရဲ့အိမ်ရှင်မနဲ့ တိုင်ပင်တယ်။ဒီကြွက်တွေကို ဘယ်လို နှိမ်နင်းကြမလဲပေါ့။နောက်ဆုံးတော့ ဒီကြွက်တွေ အတွက် ကြွက်ထောင်ချောက် နဲ့ဖမ်းပြီး သုတ်သင်ရှင်းလင်းမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ဒါကြောင့် မြို့ပေါ်တက်ပြီး ကြွက်ဖမ်းတဲ့ ကြွက်ထောင်ချောက်တွေ ဝယ်လာကြတယ်။အဲဒီ ကြွက်ထောင်ချောက်ဟာ သံပြားနဲ့ပြုလုပ်ထားတယ်။မောင်းအလွန် သန်တဲ့ စပရိန်တစ်ခုပါတယ်။အစာတစ်ခုကို ချိတ်ထားရမယ်။အဲဒီအစာကို ကြွက် ကလာပြီးဆွဲရင် အစာလာဆွဲတဲ့ ကြွက် သေပြီသာမှတ်တော့။

အိမ်ကိုလည်းရောက်ရော။ကြွက်ထောင်ချောက် ပြင်ဆင်နည်းတွေကို တစ်အိမ်လုံးကို သင်ပေးတယ်။ကြွက်ထောင်ချောက်မှာ အစာကို ညှပ်တယ်။ကြွက် သွားတတ်တဲ့လမ်းကြောင်းတွေမှာ ကြွက်ထောင်ချောက်ကို ချထားတယ်။အဲဒီလို လုပ်နေတာကို အဲဒီအိမ်မှာရှိနေတဲ့ နွားကြီးတစ်ကောင်ကမြင်သွားတယ်။ဒါကြောင့် အဲဒီနွားကြီးက သူ့သူငယ်ချင်းဖြစ်တဲ့ ကြွက် ကိုသွားပြီးပြောတယ်။

ဟေ့..ငကြွက်။မင်း ဒီနေ့ညတော့ သတိထားနေတော့ သိလား။ဒီအိမ်ရှင်က မင်းသွားတတ်တဲ့ နေရာတွေမှာ ကြွက်ထောင်ချောက်တွေ ချထားတယ်။

"ဒီလို သတိပေးတာ ကျေးဇူးတင်ပါတယ် ကိုနွားကြီးရာ။ဒါပေမယ့် ဒီကြွက်ထောင်ချောက်က ကိုနွားတို့ကိုလည်း ဒုက္ခပေးနိုင်တယ်နော်"

"ဟ..ဒီ ကြွက်ထောင်ချောက် က ငါတို့ နွားတွေနဲ့ ဘာမှမဆိုင်ဘူး။နာမည်ကိုက ကြွက်ထောင်ချောက်လေ။နွားထောင်ချောက်မှ မဟုတ်ဘဲ။"

"ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ကိုနွားကြီးတို့နဲ့လည်းပတ်သက်တယ်။သတိတော့ထားသင့်တယ်ဗျ။"

"ဘာသတိထားဖို့လိုလို့လဲ။ကြွက်ထောင်ချောက် တွေက မီးဖိုချောင်ထဲမှာ ထောင်ထားတာ။မီးဖိုချောင်ထဲကို ငါတို့နွားတွေတစ်ခါမှ မရောက်ဖူးဘူး။ငါတို့နွားတွေနဲ့ ဘာမှမဆိုင်ဘူး"

"ဒါပေမယ့် ကိုနွားကြီးရယ်။သတိနဲ့တော့နေပါ။အသာနေ ဆိုတဲ့ စိတ်ကို မမွေးပါနဲ့"

ဒီလိုနဲ့ နေ့လည်ပိုင်းရောက်တော့ အိမ်မှာမွေးထားတဲ့ ဝက်ကြီးတစ်ကောင်က ကြွက် ကိုသတိပေးပြန်တယ်။"ဒီမယ်မောင်ကြွက်ရေ။အိမ်ရှင်တွေက မင်းအတွက် ကြွက်ထောင်ချောက်တွေ စီစဉ်နေတယ်။"

"ကိုနွားကြီး ပြောလို့ ငါသိပြီးပြီကွ။ဒီလို သတိပေးတာ ကျေးဇူးတင်ပါတယ် ကိုဝက်ကြီးရာ။ဒီ ကြွက်ထောင်ချောက်ကို ကိုဝက်ကြီးလည်း သတိထားနေဦးနော်"

"ဝက်ထောင်ချောက်မှမဟုတ်ဘဲ။ငါကဘာလို့ သတိထားနေရမှာလဲ မောင်ကြွက်ရ။"

"ဘာပဲဖြစ်ဖြစ် ကိုဝက်ကြီးရာ အသာနေ ဆိုတဲ့ စိတ်ကို မမွေးပါနဲ့။"

"ဟ..ဒီမယ်မောင်ကြွက်ရ။ငါက မီးဖိုချောင်ထဲကို ဝင်ရတဲ့ ကောင်မဟုတ်ဘူး။မင်းပဲသတိထား"

ဒီလိုနဲ့ ညပိုင်းရောက်တော့ အိမ်မှာမွေးထားတဲ့ ကြက်ဖကြီးက ကြွက်ကို သတိပေးပြန်တယ်။"ဒီမယ် ကိုရင်ကြွက်ရေ….ဒီအိမ်ရှင်က ကြွက်တွေသောင်းကျန်းလွန်းလို့ ဆိုပြီး ကြွက်ထောင်ချောက်တွေ စီစဉ်နေတယ်။သတိနဲ့သွား သတိနဲ့စား၊သတိနဲ့လာဟေ့။"

"ကျေးဇူးပါပဲ ကိုကြက်ဖရာ။ကိုနွားကြီးနဲ့ ကိုဝက်ကြီးတို့ ပြောလို့ ကျွန်တော်သိပြီးပါပြီ။ဒါပေမယ့် ဒီကြွက်ထောင်ချောက်ဟာ ကျွန်တော့်အတွက်ရည်ရွယ်ပေမယ့် ဒီတစ်အိမ်လုံးမှာ ရှိတဲ့ သူတွေနဲ့လည်း သက်ဆိုင်တယ်ဗျ။အားလုံးနဲ့ပတ်သက်တယ်။"

"အံမယ်..ကိုရင်ကြွက်ရေ။မင်းကများ ငါ့ကို သတိပေးနေရသေး။မင်းပဲသတိနဲ့နေ။ဟုတ်ပြီလား။"

"ကိုကြက်ဖရာ..အသာနေ ဆိုတဲ့ စိတ်ကိုမမွေးပါနဲ့။"

ဒီလိုနဲ့ ညပိုင်းရောက်လာခဲ့တယ်။ကြွက်သွားရာလမ်းကြောင်းတွေမှာ ကြွက်ထောင်ချောက်တွေကို ချထားတယ်။

ညဟာ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လာတယ်။ကြွက် ဆိုတဲ့ သတ်တဝါကလည်း လူခြေတိတ်တဲ့ အချိန်ရောက်မှ အစာရှာထွက်ကြရတာ မဟုတ်လား။

ညသန်းခေါင်လည်း ကျော်ရော…."ဂျောက်" ဆိုတဲ့ အသံကြီး တစ်သံကြားရတယ်။ဒီအသံကို ကို အိမ်ရှင်မက

ကြားတယ်။

"ဒီမယ်..ဒီမယ်..မောင်ကြီးရေ…ကြွက်တော့ မိနေပြီနဲ့ တူတယ်။ဂျောက်ဆိုတဲ့ အသံ ကျွန်မကြားလိုက်တယ်။ရှင်သွားကြည့်စမ်း။"

အိမ်ရှင်လူကြီးက မီးဖိုချောင်ထဲ ဆင်းသွားတယ်။ညကလည်း မှောင်မှောင်မည်းမည်းဆိုတော့ ဝိုးတဝါးပဲ မြင်ရတာပေါ့။

လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်မီးကလည်း အလင်းအားက သိပ်မရှိဘူး။ကြွက်ထောင်ချောက်အနားလည်း ရောက်ရော

အိမ်ရှင်လူကြီးက "အား" ကနဲအော်ပြီး မြေပြင်ပေါ် လဲကျသွားတယ်။

ကြွက်ထောင်ချောက်မှာ မိနေတာက…ကြွက်မဟုတ်ဘူးဗျ။ဘာအကောင်လို့ ထင်ကြပါသလဲ။နွားလည်း မဟုတ်ဘူး။

ဝက်လည်းမဟုတ်ဘူး။ ကြက်ဖကြီးလည်း မဟုတ်ဘူးဗျ။ကြွက်ထောင်ချောက်မှာ မိနေတာက မြွေပွေးတစ်ကောင်ဖြစ်နေတယ်။မြွေဆိုတဲ့ သတ္တဝါက ကြွက်တွေကိုလာပြီး ဖမ်းယူစားသောက်တတ်တယ်လေ။ အဲဒီ မြွေပွေးရဲ့ အမြီးပိုင်းဟာ ကြွက်ထောင်ချောက်မှာ ညှပ်နေတယ်။အဲဒီ မြွေပွေးက ဒေါသကြီးကြီးနဲ့ ညမှောင်မှောင်မှာ စမ်းတဝါးဝါးနဲ့ ဆင်းလာတဲ့ အိမ်ရှင်လူကြီးကိုလည်း တွေ့ရော ကြွက်ထောင်ချောက်နား ရောက်လာတာနဲ့ အားကုန် ပေါက်လိုက်တော့တယ်။အိမ်ရှင်လူကြီးလည်း မြေပြင်ပေါ်ကို တုန်းကနဲ လဲကျသွားတော့တယ်။ပါးစပ်ကလည်း အော်ပြီးပြောတယ်။

"ငါ့ကို ပိုးထိသွားပြီဟေ့…လာကြပါဦးဟ။လာကြပါဦးဟ။"

တစ်အိမ်လုံး နိုးလာကြတယ်။ပျာယာခတ်ကုန်ကြတယ်။ကြွက်ထောင်ချောက်မှာ မိနေတဲ့ မြေပွေးကို အသေရိုက်သတ်လိုက်ကြတယ်။သူတို့ရွာမှာ ပိုးထိတဲ့ လူကို အဆိပ်ပြေစေဖို့အတွက် လုပ်လေ့လုပ်ထရှိတဲ့ တောဓလေ့တစ်ခုရှိတယ်။အဲဒါကတော့ ကြက်ဖတစ်ကောင်လုံးကို အရှင်လတ်လတ်မီးမြိုက်ပြီး ထွက်လာတဲ့ ကြက်မွေးရဲ့ အခိုးနဲ့ ပိုးထိတဲ့နေရာကို ကျပ်ခိုးတိုက်တဲ့နည်းပဲ။ဒီလိုနဲ့ အိပ်ပျော်နေတဲ့ ကြက်ဖကြီးဟာ ဘုမသိဘာမသိနဲ့ ညတွင်းချင်းပဲ သေပွဲဝင်သွားရရှာတော့တယ်။

မိုးလင်းလို့ မနက်၈ နာရီလောက်လည်းရောက်ရော။မြွေဆိပ်ဖြေနည်းက နည်းစနစ်မကျတော့ ပိုးထိခံထားရတဲ့..အိမ်ရှင်လူကြီးဟာ မြွေဆိပ်တက်ပြီး သေရှာပါတော့တယ်။တစ်အိမ်လုံး ငိုလိုက်ကြတာလေ။ပြောတော့ ကြွက်ထောင်ချောက်။ဟော….အခု အိမ်ရဲ့ အဓိက လူတစ်ယောက် သေရှာပြီ။

လူတစ်ယောက်သေပြီဆိုတော့ ရပ်နီးရပ်ဝေးက ဆွေမျိုးတွေလာကြတာပေါ့။အသုဘကိုလည်း ၂ ရက်လောက် အိမ်မှာပြင်ထားတယ်။လာတဲ့ ဧည့်သည်ကို ကျွေးဖို့မွေးဖို့ အတွက် ပိုက်ဆံကလည်း လုံလုံလောက်လောက်မရှိဘူးဆိုတော့ အိမ်မှာရှိတဲ့ ဝက်ကိုသတ်ပြီး အသားပေါ်လိုက်ရတယ်။ဝက်သားဟင်းနဲ့ဧည့်ခံတော့တာပေါ့။

ဒီလိုနဲ့ ကြွက်ထောင်ချောက် ကို အကြောင်းပြုပြီး "ငါနဲ့ မဆိုင်ဘူး။အသာနေ..အသာနေ " ဆိုတဲ့ ကိုဝက်ကြီးတစ်ကောင်လည်း သေပွဲဝင်ရပါရော။

ကြွက်ထောင်ချောက် ဇာတ်လမ်းက မဆုံးသေးဘူး။အသုဘရက်လည်တဲ့ နေလည်းရောက်ရော။အိမ်ရှင်လူကြီးရဲ့ မိတ်ဆွေတွေ၊အမျိုးတွေ၊ရွာထဲကလူတွေ၊ရပ်နီးရပ်ဝေးက လူတွေ ကျွေးဖို့ မွေးဖို့အတွက် အိမ်မှာ ရှိတဲ့ နွားကို သတ်လိုက်ရပြန်တယ်။

သြော်..ကြွက်ထောင်ချောက် …ကြွက်ထောင်ချောက်။နောက်ဆုံးတော့ အသာနေ…ဆိုတဲ့ ကိုနွားကြီးလည်း သေရရှာတာပဲ။

ဒီဖြစ်ရပ်ကို အစအဆုံးမြင်တွေ့နေရသူဟာ ဒီအိမ်မှာ ရှိနေတဲ့ ကြွက်တွေပဲ။

ကြွက်တွေ အချင်းချင်းတီးတိုးပြောနေတဲ့ စကားသံတွေရှိတယ်။

"ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး အသာနေခဲ့ကြတဲ့ သူတွေအားလုံး…"အသေနာ" ကုန်ကြပြီတဲ့"

ကျွန်တော်တို့ လူအဖွဲ့အစည်းမှာလည်း တာဝန်မဲ့ နေထိုင်တတ်တဲ့ "အသာနေ" ဆိုတဲ့ စိတ်ကို မွေးသင့်…မမွေးသင့်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ပြီး ကူညီဆောင်ရွက်ကြရမှာပဲ။ဒါမှသာ လူ့အဖွဲ့အစည်းတိုးတက်မှာပေါ့။

အခုတော့ဗျာ……….။

"အသာနေ" "အသာနေ" ဆိုပြီး………………………………………..။

 

ဆရာ ဦးဘုန်း(ဓာတု) ဧ။် "အသာနေ" ဆောင်းပါး အား ဆရာဧ။် ခွင့်ပြုချက်မယူမိပဲ ကူးယူဖော်ပြမိသည့်အတွက် ဆရာဦးဘုန်း(ဓာတု) အား အနူးအညွှတ်တောင်းပန်အပ်ပါသည်။

လေးစားစွာဖြင့်…..

ဇေယျာဖြိုး


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

1 comments:

{ ရနံ့စံအိမ် } at: 30 June 2012 at 20:46 said...

ကူးယူခွင့်ပြုပါဦးဗျာ
ဝေငှချင်လို့ပါ။
ကျေးဇူးအထူး
ရွှင်လန်းချမ်းမြေ့ပါစေ

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN