သို့ ဗဟိုကော်မီတီ(ဋ္ဌါနချုပ်) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) မှ ကိုကိုဦး(မကဒတအဖွဲ့ဝင်ဟောင်း)၏အကြံပေးစာ ကျနော် မကဒတ(ABSDF)ထုတ်ပြန်ကြေငြာချက်ကိုဖတ်လိုက်ရတော့အတော်ကိုအံ့သြသွား ရပါတယ်၊ အားမနာတမ်းပြောရမယ်ဆိုရင်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ၊အဲဒီက အချက်တွေကို ထောင့်ပြီးပြောရမယ်ဆိုရင် ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည့်အပိုဒ်(၃)ကို ကျနော်အနေနဲ့လုံးဝသဘောမကျခဲ့ပါ၊ ၄င်းတွင်ပါဝင်သည့် "မကဒတ(ကျောင်းသာတပ်မတော်)မှအရေးယူဆောင်ရွက်ခဲ့သောသူလျှိုဖေါ်ထုတ်မှုနဲ့ပတ် သက်ပြီး"ဟုညွန်းဆိုထားခြင်းသည် မကဒတအလုပ်အဖွဲ့မှအဖြစ်မှန်ဖေါ်ထုတ်ရေးကိုမလုပ်ခင် ကတည်းကပင် ကြိုတင်ညွန်းဆိုချက်ချပြီးသားသလိုမျိုးခံစားမိပါသည်၊ အသတ်ခံရသူတွေအထဲမှာသူလျှိုတွေပါနေပြီဆိုတဲ့အမြင်ကို စုံစမ်းစစ်ဆေးရေးမလုပ်ခင်ကပင် ရှိနေခဲ့ပါက ဘယ်လိုသောစစ်ဆေးဖေါ်ထုတ်မှုကိုလုပ်လင့်ကစား မျှမျှတတဖြစ်လာဖို့အခက်အ ခဲတွေအများကြီးရှိလာနိုင်ပါတယ်၊ တကယ်ဆိုလျှင်ပြုလုပ်သူနဲ့ပြုလုပ်ခံရသူနှစ်ဦးအကြား တရားသူကြီးသဘွယ် တရားမျှတမှုရှိ အောင်ဆောင်ရွက်ပေးရမည့် မကဒတအနေ့နဲ့ ဦးစွာပထမ သံသယကင်းကင်းထားရှိပြီးမှ စစ်ဆေးတွေ့ရှိချက်အပေါ်မျှမျှတတအဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်၊ ဒါကလည်း အဖွဲ့အစည်းကချမှတ်မည့်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး ဥပဒေစံနှုန်းအရဖြစ်ဖို့တော့ အလားအလာအလွန်နည်းနေဦးမှာပင်ဖြစ်သည်၊ အပိုဒ်(၃)(က)မှာ "မကဒတ၏သမိုင်းရေးဆိုင်ရာကိစ္စဖြစ်သည်"ဟုဆိုထားခြင်းကိုလည်း ကျနော်အနေနဲ့ဤအယူအဆကိုသိပ်သဘောမတွေ့ပါ၊ အမှန်တကယ်ဆိုရလျှင် ယခုကိစ္စသည် မကဒတ၏အဖွဲ့တွင်းရေးရာဆိုင်ရာကိစ္စဖြစ်သည့်အပြင် ကျောင်းသားလှုပ်ရှားမှုဆိုင်ရာသမိုင်း တစ်ခုလုံးထဲမှာပင်အကျူံးဝင်လျှက်ရှိနေပါသည်၊ အပိုဒ်(၃)(ခ)မှာ"ရန်သူစစ်အာဏာရှင်တို့၏စနစ်တကျသပ်လျှိုဖြိုခွဲမှုဖြစ်သည်"ဆိုရာ၌အဓိပ္ပါယ် နှစ်ခွထွက်နေသကဲ့သို့ခံစားမိပါသည်၊ ရန်သူသူလျှိုဆိုတာဘယ်သူ့ကိုရည်ညွန်းတာလည်းသိပ်မရှင်းပါ။ အသတ်ခံရသူတွေဟာ သူလျှိုဖြစ်နေတာလား၊သတ်တဲ့သူတွေကပဲသူလျှိုဖြစ်နေတာလား၊မရှင်းမရှင်းဖြစ်နေရပါတယ်၊ တကယ်လို့အသတ်ခံရသူတွေဟာသူလျှိုတွေဖြစ်တယ်၊ သူလျိုတွေပါနိုင်တယ်ဆိုရင် ကိုမျိုးဝင်း၊ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့ကျူးလွန်ခဲ့သော မဆင်မချင်ဗိုလ်ကျမှုကို ထောက်ခံပေးလိုက်သည့်သဘော သက်ရောက်သွားနိုင်ပါသည်၊ သေဒဏ်အမိန့်ကို လွယ်လင့်တကူချမှတ်ပြီး သတ်ဖြတ်မှုမှာတာဝန်ရှိသူတွေကိုရန်သူသူလျိုလို့ ဆိုရင်တော့ ကိုမျိုးဝင်း၊ ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့က သူလျှိုဖြစ်နိုင်သည်ဟု နားလည်သွားနိုင်ပါသည်၊ ဒါကြောင့်မကဒတလက်ရှိဗဟိုအနေနဲ့ချထားသောအခြေခံသဘောတရားသည်ပြည့်စုံလုံ လောက်ခြင်း၊ ရှင်းလင်းပြတ်သားခြင်းမရှိဘူးဆိုတာကိုတွေ့ရှိနေရပါသည်၊ အပိုဒ်(၄)အရ"အထက်ပါအခြေခံသဘောတရားကိုကိုင်ဆွဲ၍ဖြစ်ရပ်မှန်ဖေါ်ထုတ်နိုင်ရေး"ကို အလုပ်အဖွဲ့မှဆောင်ရွက်သွားမည်ဟုဆိုထားသည့်အတွက်အပိုဒ်(၃)(ခ)ကိုအကျယ်တ၀င့်ရှင်း လင်းရန်လိုနေပါသည်၊ မိမိအနေဖြင့် မကဒတမြောက်ပိုင်းကိစ္စသည် မကဒတ၏သမိုင်းရေးရာသာမက ကျောင်းသား လှုပ်ရှားမှုသမိုင်းနဲ့အကျုံးဝင်နေသည့်အတွက် မကဒတ၏အလုပ်အဖွဲ့တစ်ခုဖြစ်သာဆောင် ရွက်မည်ဆိုပါက ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အပြင် ဘက်စုံပေါင်းစုံ ဆောင်ရွက်ပေးနိုင်မည်ဟုမယူဆပါ၊သို့ဖြစ်ပါ၍လက်ရှိမကဒတဗဟိုအနေဖြင့်ပိုမိုရှင်းလင်းပြတ် သားသည့်အခြေခံမူကိုချမှတ်ပြီး ဘက်မလိုက်ပဲမျှမျှတတဆောင်ရွက်သွားနိုင်ဖို့အလွန်အရေး ကြီးနေပါသည်။အကယ်၍လက်ရှိမကဒတဗဟိုအနေဖြင့်တဖက်ဖက်ကိုမယိမ်းမယိုင်ပဲ ဆောင်ရွက်ခဲ့နိုင်သောအနေအထားကိုမရရှိခဲ့လျှင် ပိုမိုရှုပ်ထွေးသောနောက်ထပ်အကျိုးဆက် များကိုလည်းရလာနိုင်သောအနေအထားတွင်ရှိနေပါသည်။သို့ဖြစ်၍မကဒတ၏အလုပ်အဖွဲ့ဝင် များသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လိုစိတ်ရှိသောသူများကိုပါထည့်သွင်းပြီး ပိုမိုကျယ်ပြန့် သော အမှုမှန်ဖေါ်ထုတ်ရေးကော်မရှင်ကိုဖွဲ့စည်းဆောင်ရွက်သင့်သည့်ထင်မြင်မိပါသည်၊ လေးစားစွာဖြင့် ================================================== ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက် ++++++++++++++++++++++++++++++++++++++++++++++++++++++++++ ၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် "ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ" ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင် • အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး • ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး • ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ ၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့  ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။ ၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။ (က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။ (ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။ (ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။ ၄။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် - ဗဟိုကော်မတီ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။ |
0 comments:
Post a Comment