 | Rozoner King created the doc: "မန်ချက်စတာ ယူနိုက်တက် vs ချယ်လ်ဆီး ပွဲစဉ် စိတ်ဝင်စားဖွယ် အချက်များ" [By Soccer Myanmar] - ဒီနေ့ညအတွက် အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ရဲ့ အထင်ရှားဆုံး Big Matchတစ်ခုပါ။ နှစ်သင်းလုံးဟာ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတွေလည်း ဖြစ်ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကြားမှာ ရှိနေတဲ့ စိတ်ဝင်စားစရာ အချက်လေး တချို့ကို မှတ်မှတ်ထင်ထင် ဖော်ပြလိုက်ပါတယ်။
- ဒီပွဲစဉ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသက်အကြီးဆုံး မန်နေဂျာနဲ့ အသက်အငယ်ဆုံး မန်နေဂျာတို့ရဲ့ ထိပ်တိုက် အားပြိုင်မှုဖြစ်လာပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်ဟာ အသက်(၆၉)နှစ်ရှိပြီဖြစ်ပြီး အန်ဒရီ ဗီးလက်စ် ဘိုဝါးစ်ကတော့ အသက်(၃၃)နှစ်ပါ။
- ဒါပေမဲ့ အသက်အကြီးဆုံး မန်နေဂျာဖြစ်တဲ့ ဖာဂူဆန်က တွမ်ကလီဗာလေ၊ ဒန်နီဝဲလ်ဘက်ခ်၊ ဂျာဗီးယား ဟာနန်ဒက်ဇ်၊ ခရစ်စမောလင်းတို့လို လူငယ်တွေနဲ့ အသင်းကို အားပြုတည်ဆောက်ပြီး အသက်အငယ်ဆုံး မန်နေဂျာဖြစ်သူ ဘိုဝါးစ်ကတော့ ဖရန့်ခ်လမ်းပတ်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်နဲ့ ဒီဒီရာ ဒရော့ဂ်ဘာတို့လို အသက်ကြီးတဲ့ ၀ါရင့်တွေကို အားပြုပါတယ်။
- မန်ချက်စတာ ယူနိုက်တက်ရဲ့ မက္ကစီကို တိုက်စစ်မှူးလေး ဟာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးနဲ့ ကစားဖူးတဲ့ (၅)ပွဲမှာ (၃)ဂိုး သွင်းပြခဲ့ပါတယ်။
- မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် (၃)ပွဲမှာ အနိုင်အရှုံး ရလဒ်တွေ အားလုံးက (၂-၁)တွေချည်းပါပဲ။
-
- ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ (၅)ကြိမ်တွေ့ဆုံရာမှာ (၄)ကြိမ်နိုင်အောင် ကစားသွားပါတယ်။
-
- ဒီနှစ် ဘောလုံးရာသီအစမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပွဲဦးထွက် (၄)ပွဲမှာ ဂိုးအများဆုံးသွင်းတဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။
- လက်ရှိအချက်အလက်တွေအရ အခုရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသွင်းဖို့ အားထုတ်မှု အားလုံးရဲ့ (၃၀)ရာခိုင်နှုန်းလောက်ကို ဂိုးအဖြစ် ပြောင်းလဲနေပါတယ်။ ဒါဟာ (၃)ကြိမ်ကြိုးစားရင် (၁)ဂိုးလောက် ရတဲ့သဘောပါ။ ပရီးမီးယားလိဂ် အသင်းအားလုံးရဲ့ ပျမ်းမျှဂိုးသွင်းနိုင်မှုဟာ (၁၁)ရာခိုင်နှုန်းပါ။ ဒါဟာ (၉)ကြိမ် အားထုတ်ရင် (၁)ဂိုးလောက် ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
- ပရီးမီးယားလိဂ် စတင်ချိန်ကတည်းက ချယ်လ်ဆီးဟာ အိုးလ်ထရက်ဖို့ဒ်မှာ (၅)ကြိမ် အနိုင်ရဖူးပါတယ်။ ဒါဟာ တခြား ပရီးမီးယားလိဂ် အသင်းအားလုံးထက် သာလွန်တဲ့ ရလဒ်ပါ။
- မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ ကစားရတဲ့အခါ ချယ်လ်ဆီးနဲ့ တွေ့ဆုံရင် ပျမ်းမျှရမှတ် အနည်းဆုံးပါပဲ။ တခြားအသင်းတွေ အိုးလ်ထရက်ဖို့ဒ်မှာ လာကစားရင် ပိုင်ဆိုင်ရတဲ့ ပျမ်းမျှရမှတ် အားလုံးထက် ချယ်လ်ဆီးက သာလွန်ပါတယ်။ ပရီးမီးယားလိဂ် စတင်ချိန်ကတည်းက အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်လ်ဆီးဆီက ပျမ်းမျှ (၁.၄၇)မှတ်ပဲ ရနိုင်ခဲ့ပါတယ်။
- ချယ်လ်ဆီးဟာ မန်ချက်စတာ ယူနိုက်တက်အတွက် အိမ်ကွင်းမှာ အနိုင်ယူဖို့ အခက်ဆုံး အင်္ဂလန်ပြိုင်ဘက် ဖြစ်နေပြီး အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပျမ်းမျှအနိုင်ရာခိုင်နှုန်း (၅၀)ရာခိုင်နှုန်းအောက် ရှိနေတာ ချယ်လ်ဆီး တစ်သင်းပဲ ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချယ်လ်ဆီးကို အိုးလ်ထရက်ဖို့ဒ်မှာ ပျမ်းမျှအနိုင်ယူနိုင်မှုဟာ (၃၇) ရာခိုင်နှုန်းပဲ ရှိတာကို တွေ့ရပါတယ်။
- မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ဆုံး အိုးလ်ထရက်ဖို့ဒ် ပွဲစဉ် (၃၂)ခုမှာ ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒီထဲက ပွဲပေါင်း(၃၀) အနိုင်ရခဲ့ပြီး (၁)ပွဲပဲ ရှုံးခဲ့တာပါ။ အဲဒီတစ်ပွဲတည်းသော အရှုံးက ချယ်လ်ဆီးနဲ့ဖြစ်ပြီး (၂၀၁၀)၊ ဧပြီလမှာ အရေးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။
- မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီဟာ နောက်ဆုံး ပရီးမီးယားလိဂ် (၅)ပွဲမှာ (၉)ဂိုးသွင်းပြထားပါတယ်။
- မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ အက်ရှ်လေယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
- မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၁၇)ပွဲဆက်နိုင်တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါပြီ။
- မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ အဆိုးဆုံး ရလဒ်အဖြစ် (၅-၀)နဲ့ နှစ်ကြိမ် ရှုံးဖူးပါတယ်။ နောက်ဆုံးရှုံးတာကတော့ (၁၉၉၉)ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ကဖြစ်ပြီး သူတို့ကို နှိပ်ကွပ်သွားတာကတော့ ချယ်လ်ဆီးပဲ ဖြစ်ပါတယ်။
|
0 comments:
Post a Comment