 | အမေရိကန်ရောက် မြန်မာစီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး နေပြည်တော်တွင် စာတမ်းဖတ်ကြား Friday, 19 August 2011 Written by Ass by Kyaw Aye on Friday, August 19, 2011 at 11:01pm
အမေရိကန်ရောက် မြန်မာစီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး နေပြည်တော်တွင် စာတမ်းဖတ်ကြား
Friday, 19 August 2011 Written by Associated News
ရန်ကုန်၊ ဩဂုတ် ၁၉
ယခင် ABSDF (All Burma Students Democratic Front) ခေါင်းဆောင်ဟောင်း အမေရိကန်တက္ကသိုလ် ပါရဂူဘွဲ့ရ အမေရိကန်ရောက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးသည် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကျင်းပပြုလုပ်လျက် ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ စာတမ်းဖတ်ကြား တင်သွင်းရန် နေပြည်တော်တွင် အစည်းအဝေးတက် ရောက်လျက်ရှိသည်ဟု ယင်းအစည်းအဝေး မစတင်မီ မိနစ်ပိုင်းအလိုက The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
အမေရိကန်ရောက် မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး ယနေ့မွန်းလွဲ ၁ နာရီတွင် စတင်ရန်ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအပြီး ညနေ ၃ နာရီ၌ ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပထမဆုံး စာတမ်းဖတ်ကြားမည် ဖြစ်ပြီး ၎င်းဖတ်ကြားမည့် စာတမ်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဆက်စပ်နိုင်သည်ဟု အစည်းအဝေး တက်ရောက်သူများက ပြောဆိုကြသည်။
ဒေါက်တာဇော်ဦးသည် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူသားအရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သော ABSDF ၏ တောင်ပိုင်းစစ်ဒေသ ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာဇော်ဦးသည် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေးပညာ ဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ယင်းနောက် အမေရိကန် တက္ကသိုလ် နိုင်ငံတကာရေးရာ ဝန်ဆောင်မှုဆိုင်ရာကျောင်းတွင် ဟတ်စ်ပညာရှင် (Hurst Scholar) အဖြစ် လေ့လာခဲ့ပြီး နိုင်ငံတကာ လေ့လာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာရပ်ကို စီးပွားရေး အသွင်ကူးပြောင်းမှုဆိုင်ရာ နိုင်ငံရေး အခြေခံများကို ကျမ်းပြု၍ ရယူခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၌ နိုင်ငံတော်သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား အားလုံးကို အမိနိုင်ငံ ပြန်လာခွင့် ပြုခဲ့ပြီး ပြည်တွင်းရှိ သဘောထားအမြင် မတူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
The voice weekly မှကူယူဖေါ်ပြပါသည်။ |
0 comments:
Post a Comment