[By Thet Wai]
ပိုင်ဆိုင်မှုတွေ တစ တစ လျော့ပါးလာသည်။ နေ့တိုင်းလိုလို တခုမဟုတ် တခု ပျောက်ဆုံးနေသည်။ အနီးအနားမှာ အလစ်သုတ်သူ တယောက်ယောက်တော့ ရှိနေသည်မှာ သေချာနေပြီ…။ ဒီအကြောင်းကို သတိထားမိချိန်မှစ၍ ထိုအလစ်သမားကို အမိဖမ်းရေးအတွက် အစီအစဉ်များ ချနေမိသည်။ နည်းနည်းမှ အလစ်ပေးလို့မဖြစ်…။ သေသေချာချာ အကွက်ချ၍ အမိအရ ဖမ်းဆီးရန် ကြိုးစားမည်။ ထိုအလစ်သမားကို အမည်နာမ တခုခုပေးဖို့ စဉ်းစားသော်လည်း အလစ်သမားဟူသည် အလစ်သမားပဲပေါ့…။ သူခိုးဟု ခေါ်ချင်သော်လည်း သူက ခိုးယူခြင်းထက် အလစ်မှာ ဝင်ရောက်တတ်သူဖြစ်သောကြောင့် အလစ်သမားဟုပင် ခေါ်ချင်ပါသည်။ တခြား လှလှပပ အမည်နာမများဖြင့်လည်း စိုးစဉ်းမျှ မထိုက်တန်ပါ။
အလစ်သမားအကြောင်းနှင့် သူ၏ အလစ်သုတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်သည်…။
ပြောရလျှင် အလစ်သမားသည် ဦးခေါင်းပေါ်မှာရှိနေသော ဆံပင်အနက်ရောင်များကို စတင် ခိုးယူသည်။ တခါတခါ ထိုအလစ်သမား စိတ်ကောင်းဝင်နေချိန်များတွင်တော့ အနက်ရောင်ဆံပင်များအစား အဖြူရောင်များ ချန်ထားခဲ့တတ်သည်။ (သိပ်တော့ ဟန်မကျလှပါ)
နောက်ထပ် သိပ်မကြာခင်အချိန်အတွင်းမှာ အမြင်အာရုံများကို တဖြည်းဖြည်းချင်း ခိုးယူသည်။ ယခင်က ကြည်လင်ပြတ်သားစွာ တွေ့မြင်နေရသော အရာများကို ယခုမူ ဝေဝေဝါးဝါးသာ တွေ့နိုင်တော့သည်။ ထို့အတူ တချိန်ထဲမှာ အကြားအာရုံများကိုလည်း မသိမသာ ခိုးယူသေးသည်...။ တစုံတယောက်က စကားတခွန်း ပြောလိုက်ပါက သဲသဲကွဲကွဲမကြားလိုက်ရသဖြင့် ဘာလဲ… ဘာလဲ… ဘာပြောလိုက်တာလဲဟင် ဟု မကြာခဏ ဆိုသလို ပြန်မေးနေရတော့သည်…။
ယခင်အချိန်များက အရာရာကို သွက်သွက်လက်လက် တက်တက်ကြွကြွ လှုပ်ရှားနိုင်ခဲ့ခြင်းများသည် ယခုအခါတွင် ယုံတမ်းစကားတခု သဖွယ်…။ အပြုအမူများ၊ အတွေးအခေါ်များ၊ ဆုံးဖြတ်ချက်များ… အရာရာမှာ ချိနဲ့ နှေးကွေးလာကြသည်။ သွက်လက် ဖျတ်လတ်ခြင်းများ၊ လန်းဆန်းတက်ကြွမှုများ ပျောက်ဆုံးသွားပြန်ပြီ…။ ကြည်လင်နေသော ကြည့်မှန်တို့သည် မလိမ်ညာတတ်ပါ၊ အမှန်တရားကိုသာ အစဉ်အမြဲ ပြတတ်သည်မှာ အသေအချာပင်။ မှန်ရှေ့ကိုရောက်တိုင်း တနေ့တခြား သိသာထင်ရှားလာသောအရာများမှာ မျက်နှာပေါ်မှ အရေးအကြောင်းများ ဖြစ်သည်။ အလစ်သမား၏ လက်ချက်ကြောင့် မျက်နှာပေါ်မှ နုနယ်ပျိုမြစ်ခြင်းများ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြန်ပြီ…။
ထိုအလစ်သမား၏ လုပ်ရပ်တွေသည် သည်မှာတင်ရပ်သွားပြီလားဟု မေးခွန်းထုတ်လာသော် အဖြေမှာ လုံးဝ ရပ်မနေသေးပါ ဟူ၍ပင် ဖြစ်သည်။ အပေါ်ယံမှ အလွယ်တကူ မြင်သာ ထင်သားသော အရာများကို အလစ်ခိုးယူရုံတင်မက မျက်စိဖြင့်အလွယ်တကူ မမြင်နိုင်သော အရာများကိုလည်း ခိုးယူတတ်သေးသည်။ ထိုသို့သော ခိုးယူမှုတို့က ခန္ဒာကိုယ်တွင်းမှာ ဖွဲ့စည်းတည်ဆောက်ထားသော အရေးကြီး အစိတ်အပိုင်းများ၏ ပုံမှန်အလုပ်လုပ်နေမှုကို နည်းလမ်းအမျိုးမျိုးဖြင့် အနှောက်အယှက်ပေး ဟန့်တားလာသည်။
ခက်တော့နေပြီ…။ သည်အတိုင်း ဆက်နေ၍တော့ ဘယ်နည်းနှင့်မှ မဖြစ်။ တနေ့ပြီးတနေ့မှာ တခုပြီးတခုကို အလစ်သုတ် ခိုးယူနေသူကို စုံစမ်းထောက်လှမ်းကာ အမိအရ ဖမ်းဆီးရန် ကြိုးစားရတော့မည်။ ထိုအရေးမှာ သိပ်တော့ အလွယ်တကူ မဟုတ်ချေ…။ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းများကို တိုင်ပင်ရင်း၊ သူတို့ထံမှ အကြံဥာဏ်များ၊ အကူအညီများကို ရယူရင်း ထိုအနှီအလစ်သမားကို ပိုက်စိတ်တိုက်၍ ရှာဖွေခဲ့ရသည်။
နောက်ဆုံးမှာတော့ ထိုအလစ်သုတ်သမားကို အောင်မြင်စွာ အမိအရ ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် ကံဆိုးလှစွာ… သူ အလစ်သုတ် ခိုးယူသွားသော ပစ္စည်းများကိုတော့ဖြင့် ပြန်လည်မရရှိခဲ့ပေ…။ သူကလည်း သူ့အမှုကို စစ်ဆေး နာကြားနေသော တရားခွင်မှာ လက်ဆုတ်လက်ကိုင်ပြ၍ ရနိုင်သော အရာဝတ္ထုများကို ခိုးယူခြင်းမပြုပါဟု ထွက်ဆိုခဲ့သည်။ ဤအမှုကို စစ်ဆေးနေချိန်မှာ သူ၏ အမည်နာမကိုတော့ (မပြောမဖြစ်သောကြောင့်) ထုတ်ဖေါ်ပြောကြားခဲ့သည်…။ ထိုအလစ်သုတ်သမား၏ အမည်မှာ "ဇရာ" ဖြစ်ပြီး သူ့ကို စစ်ဆေးသောအခါ သူ ခိုးယူသွားသော ပစ္စည်းများကို ယေဘုယျအားဖြင့် အမည်တပ်ရသော် "လူသားတို့ထံမှ နုနယ်ပျိုမြစ်ခြင်းများ" ဖြစ်သည်ဟု ဖြောင့်ချက်ပေး ဝန်ခံခဲ့လေသည်…။
သူတပါး၏ ပိုင်ဆိုင်မှုများကို ပိုင်ရှင်မသိအောင် ခိုးယူခြင်း အလစ်သုတ်ယူခြင်းတို့သည် ငါးပါးသီလ အနက်က တပါးဖြစ်သော အဒိန္နဒါနာကံ မြောက်ပြီး အမှန်တကယ် ကြီးလေးသော အမှုကြီးတခု ဖြစ်ပါသည်။ သို့သော်လည်း သဘာဝတရားဟူသော ခုံရုံးက အမှုသွား အမှုလာကို အစမှ အဆုံး အသေအချာ နာကြားအပြီးမှာ သူ့ကို စွဲဆိုရန် ခိုင်လုံသော ဥပဒေပုဒ်မ ရှာမရသောကြောင့် အပြစ်ယူ၍ မရ၊ အရေးယူ၍ မရ၊ တားဆီး၍ မရ၊ ထို့အတူ ရပ်တန့်ခိုင်း၍လည်း မရ...။ ထို့ကြောင့် အဆိုပါ အလစ်သမား "ဇရာ" ကို တရားရုံးတော်မှ တရားသေ လွှတ်၍ ဤအမှုကို ပိတ်သိမ်းလိုက်ရပေတော့သည်…။
သက်ဝေ
၁၁-၀၈-၂၀၁၁
အောက်ခြေမှတ်စု - အမှောင်ဘက်ခြမ်း E Book ထဲက ဒုတိယ တပုဒ်ပါ...။
ပိုစ့် ခေါင်းစဉ် ပေး ပေးတဲ့ ညီမ ခိုင်စိုးလင်းကို ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment