[By Mizzima မဇ္ဈိမ]
(ကြားဖြတ်နှင့် သတင်းအကျဉ်း)
ဆလိုင်း ဟံသာစန်း| တနင်္လာနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသဖြင့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်
ရေလယ်သောင်ကျေးရွာမှ အိမ်ခြေ ၁၃ဝ ကျော် ရေထဲပါသွားခဲ့ပြီး လူ ၅ဝဝ ကျော် အိုးအိမ်မဲ့ခဲ့ရကြောင်း ကယ်ဆယ်ရေး အဖွဲ့များ အဆိုအရ သိရသည်။
ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာ အုပ်စု ရေလယ်သောင်ကျေးရွာ အရှေ့စုတွင် အိမ်ခြေ ၂ဝဝ ကျော်ရှိခဲ့ရာ သြဂုတ် လဆန်းပိုင်းကစတင်ကာ ကမ်းပါးများ တဖြည်းဖြည်းပြိုကျနေသဖြင့် ယခုအခါ ကျေးရွာဘုန်းကြီးကျောင်းနှင့် အိမ် ၇ဝ ခန့်သာ ကျန်ရှိတော့သည်။
"ဒီမနက်တောင် ၆ အိမ် ပါသွားတယ်။ ကမ်းပြိုတာ အခု ရွာတဝက်လောက်ပဲ ကျန်တော့တယ်။ ကမ်းပါးတွေ ပြိုကျနေတော့ သူတို့ရသလောက် ကမ်းဆယ်ကြသေးတယ်။ ဆယ်နေတုန်းမှာ ဆက်တိုက်ပြိုကျနေလို့ အိမ်တွေ
ကို ရသလောက်ဖျက်ယူပြီး ကုန်းမြင့်တဲ့ဘက်ကို ထွက်ပြေးကြရတာ"ဟု ဒုက္ခသည်များကို ကူညီပေးနေသည့် ပန်းပျိုးလတ်အဖွဲ့မှ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
ကိုင်းနှင့် တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသည့် ရေလယ်သောင်
ကျေးရွာတွင် အရှေ့စု၊ အနောက်စုနှင့် အောက်စုဟူ၍ အစုသုံးစုရှိရာ အရှေ့စုဘက်တွင် ဆိုးဆိုးဝါးဝါး မြစ်ကမ်းပါး
ပြိုခြင်း ကြုံတွေ့နေရခြင်းဖြစ်သည်။
ဟင်္သာတမြို့ခံတဦးကလည်း "ကမ်းက အခုထိ ပြိုနေတုန်းပဲ။"ဟု ပြောသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ၁၃၅၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၁၆ စင်တီမီတာ (ပေဝက်ခန့်) ကျော်လွန်နေကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဒုက္ခသည်များသည် စစ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် အခြား ကုန်းမြင့်
နေရာများတွင် ဖြစ်သလို တဲထိုးကာ နေထိုင်ကြရကြောင်း ကူညီပေးနေသူများက ပြောသည်။
"အခုကျန်နေတဲ့အိမ်တွေကလည်း မပြောင်းချင်လို့ မဟုတ်ဘူးဗျ။ ကုန်းမြင့်ဘက်မှာ အိမ်ရွှေ့ဆောက်မယ်ဆိုရင်
မြေတကွက်ကို ၁ သိန်း ၂ သောင်းကနေ ၁ သိန်း ၆ သောင်းအထိ ရှိတယ်။ အဲဒါ မဝယ်နိုင်လို့ ရသလောက် ခိုကပ်နေနေကြတာ" ဟု ပန်းပျိုးလတ်လူငယ်က ပြောသည်။
ရေလယ်သောင်ကျေးရွာသည် စစ်ကုန်းရွာမှတဆင့် မော်တော်ဖြင့်သာ သွားလာ နိုင်သည့်အတွက် ဒုက္ခသည်
များအား ကူညီသူနည်းပါးနေပြီး ကမ်းပြိုပြီးနောက်ပိုင်း ဟင်္သာတမြို့ပေါ်မှ ကြံ့ဖွံ့အဖွဲ့များက ဆေးကုပေးခြင်းနှင့် ပန်းပျိုးလတ် အဖွဲ့က စားစရာအချို့ ကူညီခြင်းမှလွဲ၍ တခြားကူညီသူမရှိကြောင်း သူက ဆက်ပြောသည်။
ဒုက္ခသည်များအတွက် ပန်းပျိုးလတ်အဖွဲ့က ဆန် ၂၂ အိတ်နှင့် ကျေးရွာဘုန်းကြီးကျောင်း အတွက် အလှူငွေ ကျပ် ၄ သောင်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။
ဟင်္သာတမြို့တွင် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဆည်များရေဖောက်ချခဲ့ရာ မြို့ပေါ် ရပ်ကွက်
၃ ခု ရေမြုပ်ခဲ့ပြီး အိမ်ထောင်စု ၄ဝဝ ခန့် ရေဘေးဒုက္ခ ခံစားခဲ့ရသည်။
0 comments:
Post a Comment