Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: မြန်မာ့နိုင်ငံရေး တကယ်ပဲ စားပွဲဝိုင်းပေါ်ကို ရောက်ပြီလား

created the doc: "မြန်မာ့နိုင်ငံရေး တကယ်ပဲ စားပွဲဝိုင်းပေါ်ကို ရောက်ပြီလား"
Rozoner King created the doc: "မြန်မာ့နိုင်ငံရေး တကယ်ပဲ စားပွဲဝိုင်းပေါ်ကို ရောက်ပြီလား"

[By Yangon PressInternational]

 

မိုးယုမေရေးသားသည်။

 

သမ္မတကြီး၏ အသစ်ချပ်ချွတ် မိန့်ခွန်းတွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကြောင်း တစေ့တစောင်းနှင့် ၂၀၁၅ခုနှစ်မှာ အာဆီယံစီးပွါးရေး အသိုက်အ၀န်း ပေါ်ပေါက်စေရန် ရည်ရွယ်ကြောင်း ဝေေ၀ဆာဆာ ပြောသွားခြင်းကို ကြည့်မည်ဆိုလျှင် ကန့်လန့်ကာ နောက်ကွယ်မှ အာဆီယံ၏ အခန်းကဏ္ဍကိုမြင်တွေ့ရမည် ဖြစ်သည်။

 

၂၀ သြဂုတ် ၂၀၁၁ (YPI) 

 

ယမန်နေ့က အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သားအစိုးရသစ်သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်  တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည့်သတင်းသည် အတိုက်အခံနှင့်အစိုးရအကြား တင်းမာမှုများကိုသာ မြင်တွေ့နေကျ မြန်မာနိုင်ငံသားများအဖို့ ထူးဆန်းသည့် သတင်းတစ်ပုဒ်ဖြစ်သည်။

 

သမ္မတ၏ ပျားရည်ဆမ်း ခရီးကျော်လာပြီးကတည်းက သိသာထင်ရှားသည့် စီးပွါးရေး လူမှုရေး ပြုပြင်ပြောင်းလဲမှုအချို့ပြုလုပ်လာ ခဲ့သည်။ ထိုသို့သော ကစားကွက် ရွှေ့ခြင်းများက ယူနီဖေါင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်း အများစုပါဝင်သည့် မြန်မာအစိုးရသစ်၏ နိုင်ငံရေးကျားကွက်သည် ယခင်နှင့်မတူပဲ တမူထူးခြားသည့် အဖြစ်ကို ပြသနေသည်။

 

အဆိုပါကျားကွက်အရွှေ့များ၏နောက်ကွယ်တွင် မည်သို့သောတွန်းအားများရှိနေနိုင်မည်လဲဆိုသည်ကို နိုင်ငံရေးလေ့လာသူအချို့ မျက်ခုန်းပင့် စဉ်းစားစပြုလာကြပြီဖြစ်သည်။

 

တစ်နည်းအားဖြင့် အစိုးရသစ်က နောက်ထပ်သမ္မတသက်တမ်းတစ်ခုမတိုင်မီ လုံလောက်သည့်အချိန်တစ်ခုရရန်အချိန်ဝယ်နေသည်လား၊ ၂၀၁၄ တွင် အိမ်ရှင်နိုင်ငံအဖြစ် အာဆီယံစည်းဝေးပွဲများ ကျင်းပခွင့်ရရန် မြင်သာသည့် ပြောင်းတိုးတက်မှုများ  ပြသရန် အားထုတ်နေသည်လား၊

သို့တည်းမဟုတ် လာမည့်သီတင်းပတ် တွင်ရောက်ရှိလာမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားကို လေချိုသွေးခြင်းတစ်မျိုးလား၊ အရပ်သားအစိုးရသစ် သက်တမ်းရှည်စေရန် စင်မြင့်ပေါ်က တရားဝင် နိုင်ငံရေးမဲဆွယ်ပွဲ တစ်ခုလား အစရှိသဖြင့် အမျိုးမျိုး စဉ်းစားဖွယ်ရာဖြစ်သည်။

 

ကိုရီးယား တီဗီဇတ်လမ်းများတွင် အသုံးများသော စကားလုံးတစ်ခုကို ငှားသုံးရမည်ဆိုလျှင် တစ်ကယ့်ကို "စိတ်ရင်းအမှန်" နှင့် လုပ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် "ရိုးသားတဲ့စိတ်ရင်းစေတနာရှိသူတိုင်းဟာ ကိုယ့်နိုင်ငံကိုချစ်ကြပါတယ်" ဟုပြောဆိုခဲ့၏။

 

သို့သော်လည်း ပြီးခဲ့သည့် သီတင်းတစ်ပတ် အတွင်းမှာမှ ဆက်တိုက်ဆိုသလို  ခပ်စိပ်စိပ် ရွှေ့ပြစ်လိုက်သည့် နိုင်ငံရေးကျားကွက်များ၏ နောက်ကွယ်တွင် စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ခြင်းထက်စာလျှင် တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ရာထက်ပိုသည့် တွန်းအားများ ရှိနေခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု ယူဆမိသည်။

 

ယမန်နေ့ကစတင်သည့် စီးပွါးရေးဖိုရမ်တွင် ပြောကြားခဲ့သည့် သမ္မတကြီး၏ အသစ်ချပ်ချွတ် မိန့်ခွန်းတွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကြောင်း တစေ့တစောင်းနှင့် ၂၀၁၅ခုနှစ်မှာ အာဆီယံစီးပွါးရေး အသိုက်အ၀န်း ပေါ်ပေါက်စေရန် ရည်ရွယ်ကြောင်း ဝေေ၀ဆာဆာ ပြောသွားခြင်းကို ကြည့်မည်ဆိုလျှင် ကန့်လန့်ကာ နောက်ကွယ်မှ အာဆီယံ၏ အခန်းကဏ္ဍကိုမြင်တွေ့ရမည် ဖြစ်သည်။

 

နိုင်ငံတော်သမ္မတက တစ်ပတ်အတွင်း မိန့်ခွန်းနှစ်ကြိမ်တိုင်တိုင် ပြောကြားသွားခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း၊ ပူပူနွေးနွေးသတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်သွားခြင်း၊ ကုန်သွယ်ခွန် ၀င်ငွေခွန်များကို ယာယီလျှော့ပေါ့ပေးလိုက်ခြင်း၊ ပြည်ထောင်စုအစိုးရက လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန်ု ဖိတ်ခေါ်ခြင်း စသည်တို့မှာ အစိုးရသတင်းစာခေါင်းကြီးပိုင်းတွင်ဖေါ်ပြရန် အင်မတန် လှပသည့် စာသားများဖြစ်နေမည်မှာ မလွဲပေ။

 

သို့သော်လည်း လူမှုရေးနယ်ပယ်အသီးသီးမှတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်က သမ္မတ၏ ပြောဆိုချက်အချို့ကို ကောက်ချက်ဆွဲကြည့်လျှင် အထူးသဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုချက်များ ပြစ်တင်ရှုံ့ချမှု များသာ တွေ့မြင်ရသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အသွင်မဆောင်ပဲ စစ်တပ်၏အခန်းကဏ္ဍကိုသာ ရှေ့တန်းတင်သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။

 

တိုင်းရင်းသားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စွပ်စွဲပြောဆိုခြင်း၊ တိုင်းရင်းသားအရေးကို ကာကွယ်ရန်ထက် တရုပ်အစိုးရနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သည့် ရေအားလျှပ်စစ်စီမံကိန်းကိုသာ ကာကွယ်ပြောဆိုခြင်း တို့မှာ ကချင်တိုင်းရင်းသားများအရေးကို ထည့်သွင်းစဉ်းစားသည့် အသွင်မဆောင်ပဲ ထိုစီမံကိန်းများနောက်ကွယ်မှ တရုပ်အစိုးရ၏ သြဇာလွှမ်းမိုးမှု အတိမ်အနက်ကိုသာ သိသာထင်ရှားစေပါသည်။

 

ပြည်တွင်းမှာ စားနပ်ရိက္ခာပြည့်စုံဖူလုံစွာရှိသောကြောင့် ပြည်သူအများကို အထူးပူပန် စိုးရိမ်စရာမလိုကြောင်း အာမခံချက်ပေးနေသည့်ကြားမှ လာမည့်နှစ်တွင် ကချင်ပြည်နယ်အတွင်း ဆန်ရေစပါးရှားပါးမှုနှင့် ကြုံတွေ့လာနိုင်သည်ဟု ဟောကိန်းထုတ်ခြင်းမှာ ရှေ့နောက်မညီ ဖြစ်နေသည် ကိုလည်း မြင်တွေ့နိုင်သည်။

 

ရာသီဥတုဖေါက်ပြန်ခြင်းကြောင့် အထိနာခဲ့သည့်တောင်သူလယ်သမားများကို ကူညီထောက်ပံ့ရန် အစီအစဉ်သစ်များ ချမှတ်ထားပြီးဖြစ်သည်ဆိုလျှင် တသွေးထဲ တသားထဲဟု အစဉ်ကြွေးကြော်လျက်ရှိသည့် စစ်ဒဏ်သင့် ကချင်တိုင်းရင်းသား တောင်သူများ အရေးကိုပါ တန်းတူ စဉ်းစား သင့်သည်မဟုတ်ပါလား။

ကချင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ  ခိုကိုးရာမဲ့တိုင်းရင်းသားများအား ကူညီလိုသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများကို ၀င်ရောက်ကူညီခွင့်မပေးသည့် အစိုးရ၏သဘောထားမှာလည်း စောကြောရန် ခက်ခဲလှသည်။

 

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြစ်မှု ကျူးလွန်ခဲ့ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူရန် ခြွင်းချက်ဖြင့် ဖိတ်ခေါ်ခဲ့သည်မှာ တကယ်ပင် သဘောထားကြီးမြတ်ကြောင်း ပြသရာ ရောက်ပါသလား။

 

နိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိလွှတ်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ကြီးမြတ်သောနှလုံးသားကို အရင်ဆုံး ပြသနိုင်မည်ဆိုပါက ပြည်တွင်းရှိ အတိုက်အခံအင်အားစုများ နှင့်ရော ပြည်ပရောက်မြန်မာ နိုင်ငံသားများထံမှပါ ယုံကြည်မှု တည်ဆောက်ရာ ရောက်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေး စီးပွါးရေး အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန် ဆင်းရဲမွဲတေမှုများ လျော့ပါးရန် လုပ်ဆောင်ချက်များ နှစ်အတန်ကြာကတည်းက စတင်ခဲ့သင့်သည်။

 

စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ်ရေးစနစ်သစ်သို့ ကူးပြောင်းလာခဲ့သည့် ငါးလတာအတွင်း ပြုလုပ်ခဲ့သည့် အပြောင်းအလဲများသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကောင်းများ ဖြစ်သည်မှန်လျှင်တော့ ပြည်သူအများက ၀မ်းပမ်းတသာ ကြိုဆိုကြမည်သာ ဖြစ်သည်။

 

ဤသို့မဟုတ်ပဲ နာတာရှည်ရောဂါကို ခဏတာသက်သာရန် သုံးသည့် ဆေးမြီးတိုများသာ ဖြစ်နေမည်ဆိုလျှင် ရိုးသားသည့်စိတ်ရင်းစေတနာဖြင့် နိုင်ငံကောင်းအောင် လုပ်ဆောင်သည်ဟု ခေါ်ဆိုနိုင်မည်မဟုတ်။

 

တကယ့် စိတ်ရင်းမှန်နှင့်သာဆိုလျှင်တော့ သမ္မတကြီး တစ်ဦးတည်းက စင်မြင့်ပေါ်တက်ကာ လှပသည့်မိန့်ခွန်းများ ခြွေနေမည့်အစား၊ နိုင်ငံရေး အကျိုးအမြတ်အတွက် ပြယုဂ်တစ်ခုအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ပြသနေမည့်အစား  အရပ်သားအစိုးရသစ်၊ အတိုက်အခံခေါင်းဆောင် နှင့် တိုင်းရင်းသားခေါင်းဆောင်များ တစ်စားပွဲတည်းထိုင်ကာ  ဆွေးနွေးပွဲများ စတင်နိုင်မည်ဆိုလျှင်တော့ မြန်မာ့နိုင်ငံရေးသည် တကယ်ပင် စားပွဲဝိုင်းပေါ် ရောက်လာပြီဟုဆိုနိုင်မည် ဖြစ်သည်။

END//

 

 

သီတင်းပတ် ၃ ပတ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ ကြိမ်တွေ့ဆုံပြီး တပတ်ကျော်အကြာတွင် သမ္မတ ကိုယ်တိုင်နှင့် တွေ့ဆုံခဲ့သည်


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN