Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: Mizzima မဇ္ဈိမ သတင်းများ

created the doc: "Mizzima မဇ္ဈိမ သတင်းများ"
Rozoner King created the doc: "Mizzima မဇ္ဈိမ သတင်းများ"

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ

 

 သဲသဲ| သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

 

နယူးဒေလီ(မဇ္ဈိမ) ။       ။ ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်

ကူညီ ပူးပေါင်း ဆောင်ရွက်သွားရန် အပါအဝင် သဘောတူညီချက် ၄ ချက်ပါ ပူးတွဲကြေငြာချက်ကို  အတိုက်အခံ

ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ သောကြာ

နေ့ တွေ့ဆုံမှု အပြီးတွင် ထုတ်ပြန်လိုက်သည်။

 

အစိုးရသစ်၏ ဒုတိယအကြိမ် ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်

တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဂေဟာ၌ နေ့လည် ၁ နာရီမှ စတင်ကာ မိနစ် ၅၀ ကြာ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲကြေငြာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

 

တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရန်နှင့် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်  ကြေငြာချက်၌ ပါဝင်သည်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ် လက်ထက် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့ အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးမှုအပြီး တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

 

တွေ့ဆုံ ဆွေးနွေးမှု၌ တိုးတက်မှု ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို "ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့

ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ မီဒီယာ အပါအဝင်ပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်ဟု ဆိုသည်။ 

 

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်က "ပူးပေါင်းဆောင်ရွက်မှု" ခေါင်းစဉ်အောက်တွင် အဆိုပါ ကိစ္စရပ်လည်း ပါဝင်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

 

"ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ် လိုအပ်တဲ့ အဓိက ပြဿနာ တခုပါ။ ဒီကိစ္စ

ပြေလည်သွားပြီ ဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေအားလုံးကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ

ဖြစ်ပါတယ်" ဟု ဦးအောင်ကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၅ နေ့တွင်လည်း အလားတူ တွေ့ဆုံမှု

ပြုလုပ်ခဲ့သေးသည်။

 

ထိုစဉ်က နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း

ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

 

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ငြိမ်းချမ်းရေး အိတ်ဖွင့် ပေးစာနှင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ကြေငြာချက်ကို လည်ကောင်း ထုတ်ပြန်ခဲ့သည်။

 

ယခုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် မတိုင်မီ ၂ ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမ၏

နယ်ခရီးစဉ် လုံခြုံရေးအတွက် အစိုးရ အာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိကြောင်းလည်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထား တင်းမာ

ပြတ်သားသော အတိုက်အခံ အင်အားစုများကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

 

ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး

နိုဘယ်ဆုရှင်နှင့် ၂၀၀၇ ခုနှစ်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။

 

တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော

 

ဖနိဒါ| သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်

 

ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံတွင်း ငွေကြေး လည်ပတ်မှု ပမာဏနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသည့် အပေါ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက "အမျိုးသား အကျိုးစီးပွား ဖြစ်သည်" ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန် သွားသည်။

 

ပြည်ထောင်စု အစိုးရ အဆင့် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်တွင် သောကြာနေ့က နှစ်ပိုင်းခွဲ ကျင်းပပြီး ပထမတပိုင်းတွင် ဦးကျော်ဆန်းက ၁ နာရီနှင့် မိနစ် ၄ဝ ကြာ လက်ရှိ ဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေး

အဖွဲ့နှင့် ပဋိပက္ခကို အဓိကထား ပြောကြားသွားခဲ့ကာ ဒုတိယပိုင်းတွင် သတင်းထောက်၏ မေးမြန်းမှုများကို

ဖြေကြားခဲ့သည်။

 

သတင်းထောက် တဦးက ၁၉၉၇ ခုနှစ်အထိ တိုင်းပြည် ငွေကြေး လည်ပတ်မှုနှင့် ပတ်သက်၍ အစိုးရက ထုတ်ပြန် ခဲ့ကြောင်းနှင့် ယခုအခါ ထုတ်ပြန်ခြင်း မရှိသည့်အပေါ် မေးမြန်းရာ " အဲဒါက အမျိုးသား အကျိုးစီးပွားရေးအရ သတင်းသမားတွေကို မေးမရ၊ မသိရတဲ့ဟာတွေ ရှိပါတယ်" ဟု ဦးကျော်ဆန်းက ပြန်လည် ဖြေကြားသွားသည်။

 

စာတမ်း ဖတ်ကြားမှုတွင် အစိုးရတပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကို "သူခိုးက လူဟစ်တယ်" ဟု ပြောဆိုသွားသည့် ဝန်ကြီး ဦးကျော်ဆန်း (ဓါတ်ပုံ မဇ္ဈိမ)

 

၁၁ ဦးပါဝင်သည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဦးကျော်ဆန်းက ခေါင်းဆောင်သည်။

 

သဘောထား တင်းမာသူဟု ရည်ညွှန်းခံရလေ့ ရှိသော ဝန်ကြီးမှာ သတင်းစာ ရှင်းလင်းပွဲ၌ မျက်ရည်လည်သွားခြင်းက တက်ရောက်လာသော သတင်းထောက်များကို အံ့အားသင့် ပြောစမှတ်တွင် သွားသည်။

 

သတင်းထောက်တဦးက ကန့်ကွက်မှုများနေသော မေခ၊ မလိခ မြစ်ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆ဝဝဝ ထုတ်မည့် ဆည်ကာတာ စီမံကိန်းကို ရပ်တန့်ရန် ရှိပါသလားနှင့် ငွေစက္ကူ အသစ်များ ရိုက်နှိပ် ထုတ်ဝေရန်

ရှိပါသလားဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်းမှာ ကြီးကြီးမားမား ပြဿနာ မရှိကြောင်းနှင့် အမြင်ကွဲပြားမှုများသာ ဖြစ်သည်ဟု ဖြေကြားသည်။

 

ထို့နောက် အမေရိကန် ဆန်ရှင် ပိတ်ဆို့ထားမှုကိုပါ ထည့်ပြောကာ အတိုက်အခံများက "နိုင်ငံတော် လုပ်သမျှ အကောင်း မမြင်တာပါ" "အရင်ကတည်းက ခေါင်းဆောင်ကြီးတွေက စေတနာ ရှိခဲ့ပါတယ်"ဟု ပြောရင်း

နှစ်မိနစ်ကျော်ကြာ အသံတိတ်သွားခဲ့တော့သည်။

 

ယင်း အဖြစ်အပျက်နှင့် ပတ်သက်၍ "အခန်းထဲမှာ အသံကို တိတ်သွားတာပဲ" ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက် တယောက်က မဇ္ဈိမကို ပြောသည်။

 

အဖြစ်အပျက်ကို ပြန်လည် မပေါက်ကြားစေခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲပြီး မကြာမီမှာပင် အင်တာနက်၌ လူအများ စိတ်ဝင်စားမှု ခံရသော သတင်းတခု ဖြစ်နေသည်။

 

မြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာခဲ့သော စာတမ်းများ ရှိ၊ မရှိ မေးမြန်း သည်ကိုမူ လျှပ်စစ်ဝန်ကြီးဌာနမှ ဒုညွန်မှူး တဦးက ပြီးခဲ့သည့် ရက်ပိုင်းက ဒုညွန်ချုပ် ကိုယ်တိုင်

ဆောင်းပါးရေးထားကြောင်းနှင့် EIA - Environmental Impact Assessment မှ မြစ်အထက်ပိုင်း၌ သုတေသန လုပ်ထားသော်လည်း မြစ်အောက်ပိုင်းကိုမူ လုပ်ဆောင်နေဆဲဟု ဖြေကြားသွားခဲ့သည်။

 

သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများနှင့် ဒေသခံတို့ကို ကြီးမားသော ဆိုးကျိုးများ ရှိနိုင်သည့် မြစ်ဆုံဆည် စီမံကိန်းအပေါ် စိုးရိမ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုထားသလို

ပြည်တွင်း မီဒီယာများနှင့် အင်တာနက်တွင် ဝေဖန်မှုများ တွေ့လာရသည်။

 

"အမျိုးသား အကျိုးစီးပွားရေးအရ သတင်းသမားတွေကို မေးမရ၊ မသိရတဲ့ဟာတွေ ရှိပါတယ်" ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြန်လည် ဖြေကြား(ဓါတ်ပုံ မဇ္ဈိမ)

 

သို့သော်လည်း အမျိုးသား အကျိုးစီးပွားရေးကို ကြည့်ပြီးနောက် ချင့်ချိန်ကာ ဆက်ပြီး ဆောက်ရွက်မည်ဟု

ဦးကျော်ဆန်းက ဖြေကြားသွားသည်။

 

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်တည်ရေးနှင့် ပတ်သက်၍ ဥပဒေဘောင် စည်းမျဉ်း အတိုင်း၊ ဥပဒေ မူဝါဒအတိုင်း ဆောက်ရွက် သွားရမည်ဟု ဦးကျော်ဆန်းက ဖြေဆိုသွားသည်။

 

ပထမပိုင်း စာတမ်း ဖတ်ကြားမှုတွင် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကိုသာ  "သူခိုးက လူဟစ်တယ်" ဟု ပြောကြားသွားသည်။

 

"တိုင်းရင်းသား အဖွဲ့ကို အပြစ်တင်သွားတယ်။ "သူခိုးက လူဟစ်တယ်" ဆိုပြီး ပြောလိုက်တယ်။ ဝန်ကြီး ကိုယ်တိုင် အဲဒီစကားပြောတယ်။ အဲဒါက ဘာလဲဆိုတော့ ကချင်မှာ ပါဂျရိုကားကို ပစ်သွားတဲ့ ကိစ္စမှာ KIO ကနေ သတင်း အမှားတွေ ထုတ်လိုက်လို့ ဆိုပြီးတော့ ပြောတယ်။ မိုင်းခွဲလို့ ရှိရင် ဒီလို မနေပါဘူး။ ဒါက သိသာထင်ရှားတဲ့ ကိစ္စပဲ" ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေသူ ပြည်တွင်း သတင်းထောက်တဦးက ဆိုသည်။

 

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စက်ရုံမှ မိုးမောက်မြို့သို့ ပြန်လာသည့် ပါဂျရိုကားကို သြဂုတ်လ ၂ ရက်နေ့က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာသူ ဒုရဲအုပ်အောင်ကြည်ထွန်း အပါအဝင် ၇ ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ KIO ဘက်မှ ပြည်ပ သတင်းဌာနများကို သတင်းမှား ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောဆိုသည်။

 

ဆက်လက်ပြီး KIO က လမ်း၊ တံတားများ မိုင်းခွဲ ဖျက်ဆီးခြင်း၊ ကားမိုင်းထောင် ဖျက်ဆီးခြင်း စသည့်

အကြမ်းဖက်မှုများ ပြုလုပ်ခြင်းအပြင် ပြည်ပ သတင်းဌာနများသို့ သတင်းအမှားများ ပေးပို့ခဲ့သည်ဟုလည်း

ပြောကြားသွားသည်။

 

ထို့အပြင်  ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ချိုးဖောက်ကြောင်း၊ ဒေသခံ ပြည်သူများကို စစ်ပြေး ဒုက္ခသည်များ အဖြစ် အသုံးချ ဝါဒဖြန့်ကြောင်း စွပ်စွဲပြောဆိုသည်။

 

ကေအိုအေ ဌာနချုပ် လိုင်ဇာမြို့တွင် လူ လေးထောင်ခန့်သာ လတ်တလောရှိပြီး ၇ဝ ရာခိုင်နှုန်းမှာ ကေအိုအေနဲ့ သက်ဆိုင်သူများသာ ဖြစ်သည်ဟု ပြောခဲ့သည်။

 

ကေအိုင်အို အဆိုအရ လိုင်ဇာမြို့တွင် စစ်ဘေးဒဏ်ကြောင့် ကချင်ပြည်နယ် အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေး ခိုလှုံလိုကြသည့် ဒေသခံ ပြည်သူ ၉၀၀၀ ကျော်အတွက်

ကေအိုင်အိုက လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်ဟု သိရသည်။

 

 

 

သုံးလခန့် ကြာသော်လည်း မုဒုံ ဖုန်းလိုင်း ပြတ်တောက်နေဆဲ

 

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

 

ကွန်းချမ်း| သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၅ မိနစ်

 

ချင်းမိုင် (မဇ္ဈိမ) ။       ။ မွန်ပြည်နယ် မုဒုံမြို့အနီး အော်တိုအိပ်ချိန်းရုံး ဗုံးကွဲပြီး CDMA ဖုန်းတာဝါတိုင် ပျက်စီးခဲ့ရာမှ သုံးလခန့် ကြာပြီ ဖြစ်သော်လည်း ဖုန်းများ ဆက်သွယ်၍ မရသေးကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

 

ဖုန်းတာဝါတိုင် ပျက်စီးခြင်းကြောင့် မုဒုံမြို့ မြောက်ဘက် ရိုးဂိုးရွာနှင့် တောင်ဘက် ကလော့သောရွာ မိုင်၂၀ ဧရိယာ အတွင်းတွင် CDMA ဖုန်းလိုင်း ပြတ်တောက်လျက် ရှိသည်။

 

"ဗုံးထိကတည်းက ခုထိ မပြင်ရသေးတော့ ကျမတို့ မုဒုံတဝိုက်မှာ CDMA ဆို လုံးဝကို သုံးလို့ မရဘူး။ GSM ဖုန်းပဲ ဆက်လို့ရတယ်" ဟု မုဒုံမြို့မှ GSM ဖုန်းပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

 

မေလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် မည်သည့် အဖွဲ့အစည်းဟု မသိရသည့် လက်နက်ကိုင် ၅ ဦးက မုဒုံမြို့အနီး ကျုံဖိုက်ရွာရှိ အော်တိုအိပ်ချိန်းရုံးကို ပစ်ခတ် ဖောက်ခွဲခဲ့ရာမှ လုံခြုံရေး ရဲသားတဦးနှင့် ရုံးဝန်ထမ်းအချို့ ဒဏ်ရာ

ရရှိကာ CDMA ဖုန်းတာဝါတိုင်လည်း ပျက်စီးခဲ့သည်။

 

မွန်ပြည်နယ်အတွင်း GSM စခန်း သုံးခုတွင် GSM ဖုန်းအလုံးရေ ၃၂၀၀ ကျော်နှင့် ပင်လယ်ပြင် ကမ်းနီးကမ်းဝေး CDMA စခန်း ခြောက်ခုတွင် CDMA ဖုန်းအလုံးရေ ၇၀၀၀ ကျော်ကို အသုံးပြုလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN