Search This Blog

Now Loading......

[လွပ်လပ်ခြင်း] New Doc: မင်းကြားစည်ကြီး မြည်ပါစေ၊

created the doc: "မင်းကြားစည်ကြီး မြည်ပါစေ၊"
De Nay created the doc: "မင်းကြားစည်ကြီး မြည်ပါစေ၊"

July 6th, 2011 | Author: Myat Shu Team

 

မေလ နှောင်းပိုင်းတရက်တွင် အမျိုးသားစာကြည့်တိုက်သို့ သွားဖြစ်ခဲ့သည်။ စာကြည့်တိုက်တွင် စာဖတ်သူ ကျိုးတိုးကျဲတဲမျှသာ ရှိ၏။ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့သည် သူရိယသတင်းစာ၏ နှစ်တရာပြည့် အထိမ်းအမှတ်ဖြစ်သည်။ သည်အကြောင်းကို သတိတရဖြစ်မိ၍ သူရိယစာစောင်အဟောင်းများကို ရှာဖွေလိုခြင်းကြောင့် ရုံးမှ တရက်ခွင့်ယူကာ စာကြည့်တိုက်သို့ ခြေဦးလှည့်ခဲ့ခြင်းပင်။

 

အမျိုးသားစာကြည့်တိုက်၏ ရှားပါးစာပေဌာနကို ခွင့်တောင်းပြီး သူရိယအဟောင်းများကို ရှာစေသည်။ ဆရာကြီး ငွေဥဒေါင်း၏ အဆိုအရ သူရိရ၊ မြန်မာ့အလင်း မတိုင်မီက သတင်းစာများမှာ ဂျာနယ်၊ မဂ္ဂဇင်းဆန်သော အနေအထားသာ ရှိကြောင်း ကြားဖူးသော်လည်း ဖြစ်နိုင်လျှင် မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းစာဖြစ်သည့် မော်လမြိုင်ခရော်နီကယ် (၁၈၃၆) စာစောင်များ ရှိပါက လေ့လာကြည့်ချင်ပါသေးသည်။ သူရိရ၏ ခေါင်းကိုင်ဖခင် ဘကြီးဘဘေက သူရိယသတင်းစာများကို စာကြည့်တိုက်သို့ လှူဒါန်းသွားသည်ဟု ဆိုသော်လည်း (၁၉၁၁ – ၁၉၅၄) ထုတ်များအနက် ၁၉၂၂ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း သူရိယမဂ္ဂဇင်းများကိုသာ ဖတ်ရှုခွင့်ရခဲ့ပါသည်။ သူရိယသည် သတင်းစာအပြင် သတင်း၊ ဝေဖန်ချက်နှင့် ဆောင်းပါးအစုံအလင် ထည့်သွင်းရန် သူရိယလပေါင်းချုပ်ကို ထုတ်ခဲ့ဖူးသည်။ ထိုမှတဆင့် ၁၉၁၇ ခုနှစ် မတ်လမှစ၍ သူရိယမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်ဟူ၏။

 

သတင်းရေးသားရာတွင် ရှေးဆန်သော အရေးအသားဖြစ်ပေသိ သတင်းအင်္ဂါရပ် အပြည့်အစုံ ပါသည်။ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဝေဖန်စာ၊ သရော်စာ၊ အတို့အထိ၊ အသောအထေ့၊ သုတ၊ရသမှသည် ကလေးကဏ္ဍ (ကိုပြူး – မပြုံး။ ဇန်န၀ါရီလ၊ ၁၉၃၆ ခုနှစ်မှ စတင်) အထိ စုံလင်လှသည်။ ရှားပါးစာအုပ် ထိန်းသိမ်းမှု တားမြစ်ချက်အရ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခွင့် မသာခဲ့။ ထိုအခါမှ အိမ်တွင် ဖခင်ဖြစ်သူ တရိုတသေ သိမ်းဆည်းပေးထားသော အိုးဝေဂျာနယ်အဟောင်းများ၏ တန်ဖိုးကို ဆင်ခြင်မိတော့သည်။

 

နှစ်ပေါင်းများစွာ ကြာသည့်တိုင် ၀ါကျင်ရင့်ရော်နေပြီဖြစ်သည့် စာရွက်အပိုင်းအစများသည် အဘယ့်ကြောင့် စက္ကူစုတ် မဖြစ်သွားသနည်း။ သတင်းစာများသည် သမိုင်းကို ပြောခဲ့ပေသကိုး။ သတင်းပေးရန်၊ ဖျော်ဖြေရန်၊ အသိပညာမြှင့်တင်ရန်၊ သြဇာလွှမ်းမိုးမှုရှိရန် စသဖြင့် မီဒီယာ၏ ရည်မှန်းချက်အတိုင်း တခေတ်တခါက သတင်းစာများသည်လည်း အရောင်စုံခဲ့ရသည်သာချည်း။ ပါတီဂိုဏ်းဂဏ (သို့မဟုတ်) အယူအစွဲ တခုအတွက် လိုရာသုံး ၀ါဒဖြန့်ရန် ထူထောင်ခဲ့သည့် လက်ကိုင်တုတ် သတင်းစာများ ရှိခဲ့သလို ပြည်သူဘက်က ရပ်တည်ခဲ့သော သတင်းစာများလည်း များစွာရှိပါသည်။ သူရိယတောင် ဘကြီးဘဘေ လက်ထက်က မူဝါဒတမျိုး၊ ဂဠုန်ဦးစော လက်ထက်ရောက်တော့ အချိုးတဖုံ စရိုက်ပြခဲ့သေးတာပဲ။ ဒေါက်တာဘမော်ကလည်း မောရိယ ဟူ၍ ထုတ်ဝေခဲ့သေးသည်ကိုလည်း ထောက်ချင့်မိသည်။

 

သည်နေ့ခေတ်တွင် အုပ်ချုပ်သူ အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ ဂျာနယ် အပြိုင်အဆိုင် ထုတ်ဝေသည်နှင့် မခြားပေ။ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲအရှိန်ကြောင့် ပါတီသတင်းစာများလည်း ကြိုကြားကြိုကြား မြင်လိုက်ရသေးသည်။ မည်သို့ဆိုစေ အများစု၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးသြဇာ ထူထောင်ရန်နှင့် သတင်းပြန်ကြားနိုင်သည့် နယ်ပယ် ကွဲပြားမှုကို ချုပ်ကိုင်လိုခြင်းက ထင်ရှားသည်။ ထို့ကြောင့်ပင် ကွဲပြားခြားနားသော အတွေးအမြင်၊ ယူဆချက်တို့ကို စာပေစိစစ်ရေးမူ စတင်ချမှတ်သည့် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်းကတည်းက လေသံကျယ်ကျယ် မကြားရတော့ခြင်း ဖြစ်သည်။ အင်္ဂလိပ်ခေတ်တုန်းက ၉၁ ဌာန အုပ်ချုပ်ရေးကို လက်မခံရေး၊ ရာထူးမယူဖို့ရေး၊ ဝေလမင်းသား မြန်မာပြည်အလည်လာချိန်တွင် ဆန့်ကျင် ရေးသားသည့်အခါများတွင် သတင်းစာသမားများ တာဝန်ကျေခဲ့သည်။ စည်းလုံးခဲ့သည်။ ပြည်သူ့မျက်နှာသာ ကြည့်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင်မူ   ပျားရည်နှင့် ၀မ်းချသော နိုင်ငံရေးနှပ်ကြောင်းပေးသည့် စာနယ်ဇင်းသမားများ များလှပါပေ၏။

 

သို့ဆိုလျှင် ပြည်သူအားကိုး အားထားပြုထိုက်သော စာနယ်ဇင်း မရှိတော့ဘူးလားဟု မေးရမည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ပြည်သူ့ခေတ်ဂျာနယ်မှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမြင်ကို သာမန်ပြည်သူတဦးကို မေးထားသည့် အင်တာဗျူးအား အမှတ်ရမိသည်။ ဖြေကြားသည့် အိမ်ရှင်မက ဂျာနယ်တစောင်၏ တန်ဖိုးသည် မိသားစုအတွက် ဟင်းတခွက်အဖြစ် ဖန်တီးနိုင်သော ကြက်ဥ လေး၊ ငါးလုံး စာ၏ ဈေးမျှ ရှိသဖြင့် ၀ယ်လည်း မဖတ်၊ စိတ်လည်း မ၀င်စားဆိုသည့် သဘောမျိုး ဖြေသည်။ ၀ယ်မဖတ်နိုင်ခြင်းနှင့် စိတ်မ၀င်စားခြင်းတည်းဟူသည့် ကိစ္စနှစ်ခုနောက်တွင် ဂျာနယ်များက ဘာလာလာ၊ ဘာရေးရေး တသမတ်တည်းသော အကြောင်းအရာကိုသာ ညွှန်းသည့်အတွက် ထူးမခြားနားသော အခြေအနေကို လျစ်လျူရှုလိုခြင်း အခြေခံအကြောင်းတရား တခုကိုလည်း ရှာဖွေတွေ့နိုင်ပါသည်။ သေချာသည်ကား ယနေ့ ဂျာနယ်အများစုတွင် မှတ်သားစရာ အယ်ဒီတာ့အာဘော်၊ ခေါင်းကြီးပိုင်းတောင် လောက်လောက်လားလား မပါတတ်။ သုံးသပ်ဝေဖန်ပြသည့် ဆောင်းပါးအများစုမှာလည်း တဥတည်းပေါက်များ၏ အာဘော်တွေချည်း ဖြစ်နေတာ များသည်။ သရော်စာဆိုသည်မှာ ဝေးစွ။

 

စည်းကမ်းကျနသော ဒီမိုကရေစီနိုင်ငံတော်သို့ ဖော်ဆောင်နေသည်ဆိုသည့် အချိန်တွင် စာနယ်ဇင်း လွတ်လပ်ခွင့်ကိုလည်း တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ အော်ခွင့်ရလာသည်။ အော်ခွင့်ရတာလေးကိုပဲ တိုးတက်လာသည်ဟုလည်း အပြုသဘော မြင်ကြသူတွေလည်း ရှိ၏။ တလောလေးတင်ကမှ အကန့်အသတ်ဖြင့် လွတ်လပ်ခွင့်ပေးသည်ဟု အမည်တပ်သော စိစစ်ရေးမူသစ် တရပ်ကို ကြားနာလိုက်ရသည်။ ကန့်သတ်ခြင်း ခံရသော လွတ်လပ်ခြင်းသည် မည်သို့မှ လွတ်လပ်ခြင်း အစစ် မဖြစ်နိုင်ဟု စောဒကတက်ပိုင်ခွင့် ရှိသည်ဟု ထင်ပါသည်။ အကြောင်းမှာ စိစစ်ရေးမူအသစ်တွင် အကျိုးအကြောင်း မညီညွတ်စရာ၊ အငြင်းပွားစရာအချို့ ရှိနေသေးသည်ကိုး။ ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသားခွင့်ရှိမလဲ။ သတင်းရယူနိုင်မှု အရင်းအမြစ် မည်မျှအထိ ပွင့်လင်းလွတ်လပ်မလဲ။ သတင်းစာသမားတို့ ရေးသားလိုက်သော သတင်းမှန်အတွက် သူတို့၏ ရပ်တည်မှုကို မထိပါးရလေအောင် အဘယ်မျှ အာမခံချက် ပေးနိုင်မလဲ။ ဝေဖန်မှုနှင့် အကြည်ညိုပျက်စေမှုကို ဘယ်လို ခွဲခြားဆုံးဖြတ်မလဲ။ သတင်းထည့်ခွင့်ရခြင်း၊ မရခြင်းတို့ ဂျာနယ်များတွင် ရရှိသည့် အခွင့်အရေးချင်း မတူညီတတ်ရာ မည်သို့သော မူဝါဒနှင့် ဆုံးဖြတ်သလဲ။ သတင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာပေါ်မူတည်၍ မူဝါဒ ကွဲပြားရပါသည်ဟု ဆိုသော်လည်း မည်သို့ မည်ပုံ ကွဲပြားကြောင်း ရှင်းရှင်းလင်းလင်း သိခွင့်မရပါက သတင်းစာ၊ ဂျာနယ်တို့၏ အနာဂတ်၊ သတင်းစာသမားတို့၏ အနာဂတ်မှာ မလုံခြုံသည့် အသွင် ဖြစ်နေလိမ့်မည်။ သည်တော့လည်း သတင်းစာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပြောဆိုကြလေတိုင်း ကိုးကားလေ့ရှိသည့် မင်းတုန်းမင်းတရား၏ စကားနှင့်ပင် စာနယ်ဇင်းပြောရေးဆိုခွင့်ကို ပြန်နှူးလိုပြန်သည်။

 

"ငါဘုရင် မကောင်းလျှင် မကောင်းသလို ငါ့ကိုရေး၊ မိဖုရားတွေ မကောင်းလျှင် မိဖုရားတွေကို ရေး၊ သားတော် သမီးတော်တွေ၊ မင်းညီမင်းသားတွေ နည်းလမ်း မကျလျှင် မကျသလိုရေး၊ လွှတ်တော် တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလိုရေး၊ မင်းတို့ သတင်းစာမှာ ဘာမှ အပြစ်မရှိစေရ၊ နန်းတော်တွင်းကို သတင်းစာ တိုက်က လူတွေ ၀င်စေ၊ ထွက်စေ၊ အတားအဆီး မရှိစေရ" <မင်းတုန်းမင်း >

 

စဉ်းစားဖွယ် နောက်ထပ် အကြောင်းအရာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်အတူ သတင်းစာ၊ ဂျာနယ်များ၊ သတင်းထောက်များ၊ ပဲ့ကိုင်သော အယ်ဒီတာများ၏ ရင့်ကျက်မှုနှင့် အသင့်ဖြစ်နိုင်မှု အနေအထားကို တွက်ဆရန် လိုသေးသည်။ အဘယ့်ကြောင့်ဆိုသော် သတင်းထောက်များတွင် ၀ါသနာအလို့ငှာ (သို့မဟုတ်) မိမိ ရပ်တည်ခွင့်အတွက် အသက်မွေးဝမ်းကျောင်းအလို့ငှာ (သို့မဟုတ်) ခရီးသွား ဟန်လွဲအလို့ငှာ (သို့မဟုတ်) ပေါ်ပြူလာဖြစ်ရေးအလို့ငှာ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် စာနယ်ဇင်းလောကသို့ ၀င်လာသူများ ရှိသကဲ့သို့ စာမဖတ်ဘဲ အယ်ဒီတာ ဖြစ်လာသူများ မနည်းမနော ရှိပါသည်။

 

ယနေ့ ဂျာနယ်လောကတွင် နောက်ခံစီးပွားရေး မတောင့်တင်းပါက နေ့မြင် ညပျောက် ဖြစ်ရသည်က များသည်။ ယခင်က ဂျာနယ်ကျော်တို့၊ မြန်မာ့အလင်းတို့လို စောင်ရေ တသောင်း၊ နှစ်သောင်း ကျော်ဖို့ မပြောနှင့်။ လေး ငါးထောင်တောင် အနိုင်နိုင်။ သတင်းဦး၊ သတင်းထူးရဖို့ မလွယ်။ သတင်းထောက်များမှာ သတင်းလိုက်နည်း၊ ရေးနည်းကို မုဆိုး စိုင်သင်သလို လက်တွေ့လုပ်ငန်းခွင်နှင့် လက်လှမ်းမီရာ သင်တန်းအချို့၊ စာနယ်ဇင်းဆိုင်ရာ စာအုပ်များမှ တဆင့် လေ့လာနေရသည်။ အပျံသင်စ ဘ၀တွင် အလစ်အငိုက် ၀င်လာမည့် လောက်စာလုံးစာကိုလည်း ကြည့်ရှောင်တတ်ရပါသေးသည်။

 

"တာဝန်သိသော သတင်းစာဆရာတို့သည်သာ လွတ်လပ်စွာ ရေးသားခွင့်နှင့် ထိုက်တန်ပြီး လွတ်လပ်စွာ ရေးသားခွင့်ကို စောင့်ထိန်းနိုင်သူများ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ" <ဦးစိန်ဝင်း၊ သတင်းစာဆရာအသင်းဥက္ကဌ၊ ၁၉၆၂ ခုနှစ်>

 

သတင်းထောက်၏ ရင့်ကျက်မှုဆိုသည်မှာ ဆရာကြီး ဦးစိန်ဝင်း ပြောသကဲ့သို့ လွတ်လပ်စွာ ရေးသားခွင့်ကို စောင့်ထိန်းနိုင်သူဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဆိုလိုသည်။ ဆရာကြီးမောင်ထင်ကတော့ သတင်းရေးသားမှုကို ဘုရားဟော စကားခြောက်ခွန်းနှင့် ပမာထား၍ နာခံသူတို့ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ဟုတ်လည်းဟုတ်၊ မှန်လည်း မှန်၊ ၎င်းတို့ အကျိုးကိုလည်း တစုံတရာ အထောက်အကူပြုသည်ဆိုပါက ပြောဆို ရေးသားသင့်ကြောင်း ဆုံးမဖူးသည်။

 

"သတင်းထောက်သည် ရာဇနိတိလာ တမန် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံရမည်။ ဝေဖန် တိုင်းထွာတတ်သော ဥာဏ်ကင်းဝေးသူသည် သတင်းထောက် လုပ်ပါက ဘိန်းစားငပု ထမီ ရုတ်ပြေးခြင်း၊ ခွေးတကောင် မီးရထား ကြိတ်၍ ခါးပြတ်သွားခြင်း စသော သတင်းမျိုးကိုပင် အရေးတကြီး ယူဆောင် ရေးသားပေးပို့ ပေလိမ့်မည်" <သတင်းစာဆရာကြီး သံတော်ဆင့် ဦးသိမ်းမောင်>

 

ယနေ့ ဂျာနယ်စာမျက်နှာများ လှန်လိုက်လျှင် (နိုင်ငံခြားဟာသ တပုဒ်မှာ ပါသလို) "လူများ အောက်ဆီဂျင်ကို နှာခေါင်းမှ အဓိက ရှူသွင်းကြောင်း ပညာရှင်များ တွေ့ရှိ"၊ "တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး"၊ "ကျောင်းသားများ ကျောင်း၌ ကျောင်းအကြောင်း ဆွေးနွေး" ဆိုသည့် သတင်းခေါင်းစဉ်များ မကြာခဏ တွေ့လေရတိုင်း သံတော်ဆင့် ဦးသိမ်းမောင်၏ ဆိုစကားကိုသာ ကြားယောင်လာတော့သည်။ သတင်းဖော်ပြမှု မလွတ်လပ်၍သော်လည်းကောင်း၊ သတင်းအရင်းအမြစ်ကို ဖော်ပြရန် ခက်ခဲ၍သော်လည်းကောင်း အခုနောက်ပိုင်း အပတ်စဉ် ဂျာနယ်များတွင် နေ့စဉ်ထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများမှ သတင်းများကိုသာ မူရင်း ရေးသားထားသည့်အတိုင်း ဖော်ပြလာကြပါသည်။ အပတ်စဉ်ထုတ် ဂျာနယ်မှာ နေ့စဉ်ထုတ် သတင်းစာထက် မဆန်းသစ်လျှင် ၀ယ်ဖတ်ရကျိုးမနပ်ဟုသာ စာဖတ်သူက မြင်လိမ့်မည်။ သတင်းအမြင်၊ သတင်းသုံးသပ်ချက်၊ မတူညီသည့် ရှုထောင့်ဖြင့် ရေးသားသည့် သတင်းဆောင်းပါးများစွာ ဖတ်လိုလှပါသည်။

 

ထို့ပြင် အဆိုးဆုံးက ယခုနောက်ပိုင်း သာမန်သတင်းမျိုး(အထက်တွင် ပြောခဲ့သည့်အတိုင်း "ကျောင်းဖွင့်ရာသီတွင် စာရေးကိရိယာများ ရောင်းကောင်း" ဆိုသည့် သတင်းကဲ့သို့ ထူးခြားသည့် သတင်းမဟုတ်) တွင် သတင်းထောက်များ သတင်းအရင်းအဖြစ် အတုဖန်တီးပြီး (မိမိဘာသာ မေး၊ မိမိဘာသာ ဖြေ) ဆူလွယ်နပ်လွယ် လက်တန်း သတင်းများ ရေးသားလာခြင်း ဖြစ်ပါသည်။ တံစိုးလက်ဆောင်ယူ၍ သတင်းရေးပေးခြင်း၊ စာနယ်ဇင်းကို အကာအကွယ်ယူ၍ "နှံလိုက်ရမလား၊ ဘေလိုက်ရမလား" ဟု ခြိမ်းခြောက်ခြင်းများသည်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို အလွဲသုံးစား ပြုလုပ်ခြင်းမည်၏။

 

တချိန်က မင်းသမီး မေရီမြင့် ဆုံးပါးစဉ်က သတင်းစာများ အရောင်းသွက်ခဲ့သကဲ့သို့၊ ယခုခေတ် ဒွေးသေတော့ ဂျာနယ်သမားတွေ အကြွေးကြေတယ်ပဲဆိုဆို၊ မသာသတင်းနှင့် ဓာတ်ပုံ ယူရာတွင် နာရေးရှင်များတောင် စိတ်အနှောင့်အယှက်ဖြစ်ရသည်အထိ လူမှုရေး စည်းမစောင့်မှုများသည်လည်း စာနယ်ဇင်းအချို့၏ မရင့်ကျက်မှုများ ဖြစ်သည်။ သတင်းခေါင်းစဉ်တပ်ပုံ၊ စကားလုံး သုံးစွဲပုံများတွင် သူ့နေရာနှင့် သူ အံဝင်ခွင်ကျ မရှိသည်မှာတော့ သတင်းထောက်နှင့် အယ်ဒီတာတို့၏ ဗဟုသုတ မပြည့်စုံခြင်းဟုသာ ဆိုရပါမည်။ ယူပီအိုင်ဦးဘသန်းကတော့ သတင်းသမားများသည် မောင်ပေါက်ကျိုင်းထုံးကို နှလုံးမူသင့်သည် ဆိုသည်။ "မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်" ဟူ၏။ မောင်ထင်၏ "သတင်းဦး" ၀တ္ထုတိုထဲက သတင်းထောက် မောင်စိန်းခိုကတော့ အင်္ဂ၀ိဇ္ဇာအပြင် နိုင်ငံရေးဗျုပ္ပတ်၊ လူမှုရေးရာဇဝင်၊ ဓနဗေဒပါမကျန် ထိုးထွင်းနှံ့စပ်သည် ဟူ၏။ ယနေ့ခေတ်တွင် ထိုသို့သော သတင်းသမားများ မည်မျှရှိသည်ကို လက်ချိုးရေ၍ ရသည် ထင်ပါသည်။

 

တကယ်တော့ မြန်မာစာနယ်ဇင်းသမားများ မညံ့ပါ။ သို့သော် မသွေးတာ ကြာသည့် ဓား မထက်တော့သည့်နှယ် ဖြစ်နေ၏။ ကြားထဲတွင် မျိုးဆက် ကွာဟသွားသည့်အခါ ဆရာကျော်ဇောမင်း ပြောသလို ကိုးကားရလျှင်ဖြင့် "ခုခေတ် သတင်းထောက်က အလုပ်မရသေးတဲ့ ဘွဲရလူငယ်တွေအတွက် ဝေလေလေလုပ်ငန်း" ကြီးလို ဖြစ်နေသည်။

 

နိုင်ငံတကာသို့ သတင်းစာနှင့် ပတ်သက်သော သင်တန်းများ၊ အစီအစဉ်များ သွားရောက်လေ့လာခဲ့သော သတင်းသမားများသည် ၎င်းတို့ ထိုသို့ မသွားရမီက အဆိုပါ သင်တန်းများသို့ တက်ရောက်ရန် လျှောက်ထားရာ၌ မိမိတို့ ဘာကြောင့် တက်ရောက်လိုသည်၊ သင်တန်းပြီးလျှင် မီဒီယာကဏ္ဍ တိုးတက်ရေးအတွက် မည်သို့ စွမ်းစွမ်းတမံ ဆောင်ရွက်လိုက်မည်ဆိုသည်ကို ရေးရပါသည်။ ၎င်းတို့၏ တာဝန်ကျေ မကျေကိုတော့ ပြည်သူများကပဲ မှတ်ကျောက်တင်သွားပါလိမ့်မည်။ မျိုးစေ့ မမှန်သော သတင်းစာများ၊ ဂျာနယ်များကတော့ ခေတ်စနစ် အလှည့်အပြောင်းနှင့် ကြုံလာလျှင် အပင်မသန်ရုံမက အမြစ်ပါ ဆွဲလှန်ခံရမည်ကို သတိချပ်သင့်သည်။

 

ရှင်သန်ချင်သည့် အပင်ကတော့ လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်ရမည်။

 

ဝေးဝေး မြင့်မြင့် ထက်ကောင်းကင်ဆီသို့ ပျံသန်းချင်သော ငှက်ငယ်များသည်လည်း လေဟုန်ကို ဆန်နိုင်စွမ်းရှိရမည်။

 

လေဟုန်ကို မဆန်နိုင်လျှင်တော့ လေနှင့်အတူ ဝေးလွင့်ရုံသာ ရှိတော့သည်။ ဒါက အထူးပြောစရာ မလိုတော့။

 

မျက်ရှု

 

ဇူလိုင် ၅ ရက်၊ ၂၀၁၁ ခုနှစ်


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

1 comments:

{ George Heine } at: 6 July 2011 at 04:19 said...

Hey,

Watch your SPELLING man!
That's all for the moment.

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN