(၁)
ရက်ချည်ထက် ချုပ်ချည်များဆိုသလို ကျွန်တော်တို့ ဒေါ်ဒေါ် အသက် ၉၀ မှာ ဆေးရုံ ခဏခဏ တက်ရတယ်။
သမီးကြီး ပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာက ကိုယ်ဖိရင်ဖိ ကုသပေးတော့ သက်သာလာပါတယ်။ ဆရာဝန်ဆိုတာ ဆရာဝန်လို ကုပေးတာပေါ့။ ဒါပေမယ့် ဒေါ်ဒေါ်က မြန်မာမကြီး မဟုတ်လား။ ဆွေအုံမျိုးအုံ ကျူနှယ်ရုံနေချင်တာ။ တစ်သက်လုံး ဧည့်သည်တွေနဲ့ စကားတွေ အများကြီးပြောပြီး ပျော်နေတာ မဟုတ်လား။
ဒီတော့ ကမ္ဘာနဲ့ မြန်မာ မတည့်ကြတော့ဘူး။ ဆေးရုံ လူနာမေးလာတဲ့ လူတွေကို နိုးဘဲ။ တွေ့ခွင့်မပေးဘူး။ တွေ့ခွင့်မရတဲ့လူတွေက မပြောရဲလို့သာ စိတ်ထဲက ဘယ်ကျေနပ်ကြပါ့မလဲ။ ဆရာ ဖုန်းမြင့်အောင် လုပ်ပုံကြည့်ပါဦး။
မြတောင် ဆရာတော်ကြီးနဲ့ သံဃာတော်တွေကို ပင့်ပြီး ဒေါ်ဒေါ့် အခန်းထဲ ဆွမ်းကျွေးတရား နာပေးလိုက်တယ်။ အေးရော။
ကျွန်တော့်ကိုလည်း ဆရာဝန်မကြီးက မ၀င်ရတဲ့။
မမကြီး နင်ကုပေးတာ အများကြီး ကျေးဇူးတင်တယ်။ ဒါပေမယ့် နင်မကုနိုင်တာ ငါကုဦးမယ်။
ခင်ဗျားက ဘာတတ်လို့တုန်း။
ငါ သင်္ဂြိုဟ်တတ်တယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား လေးပါးမှာ ၃ ပါးက ဘာမှ မလိုဘူး။ စိတ်ကျတော့ နင်ကုလို့ မရဘူး။ နင်က သမား၊ ဒေါ်ဒေါ်က လူနာ။ နင်က သမီး၊ ဒေါ်ဒေါ်က အမေ။ ဒီတော့ နင့်မှာ ပြောစရာ များများ မရှိဘူး။ ခပ်ကျယ်ကျယ် ဒေါ်ဒေါ်ကြားအောင် ပြောလိုက်တယ်။ ပါးလိုက်တဲ့ အမေဗျာ။
အမေ နေမကောင်းတာ မသိလို့ ငါ့သား မလာတာ။ သိရင်လာမှာ၊ အမေ မျှော်နေတုန်း ဟော ငါ့သား လာပြီ။
မအားလို့ပါ ဒေါ်ဒေါ်၊ ဘာလို့ မအားတာလဲ ငါ့သားရဲ့၊ စာရေးနေလို့ပါ ဒေါ်ဒေါ်၊ ဘာစာတွေများလဲကွဲ့၊ ဆောင်းပါးပါ ဒေါ်ဒေါ်၊ အမေမာ ဇရာမရှိဆိုတဲ့ ဆောင်းပါးပါ။ ပြောပါဦး ပြောပါဦး။ ဒီလို ဒေါ်ဒေါ်ရဲ့။
ကျွန်တော် အစ်မကြီးက ဒေါ်ဒေါ်နဲ့ ရွယ်တူ။ ကျွန်တော်တို့တွေ မင်္ဂလာဆောင်က ပြန်လာတော့ ဆီးမေးတယ်။ ဘယ်လောက် လက်ဖွဲ့ခဲ့လဲတဲ့။
၃ ကျပ်။ တကယ် လက်ဖွဲ့ခဲ့တာက ၅၀၀၀ိ။
အလိုတော် လက်ဖက်ရည်တိုက်များ ၃ိ တဲ့။ တစ်ကျပ်တောင် များသေး။ အဲဒါ အိုတာလေ။ ဇရာလေ။
ဒေါ်ဒေါ်ကျ ဘယ်ဟုတ်တုန်း။ ခရမ်းချဉ်သီးလည်း သိလိုက်တာပဲ။ ကြက်သွန်လည်း သိလိုက်တာပဲ။ ငရုတ်သီးလည်း သိလိုက်တာပဲ။ ပြည်တွင်းရေးလည်း သိလိုက်တာပဲ။ နိုင်ငံတကာ အရေးလည်း သိလိုက်တာပဲ။ အို စင်္ကြာဝဠာကြီး အကြောင်းကိုလည်း သိလိုက်တာပဲ။ အဲဒီတော့ ကျွန်တော်တို့ အမေမာ ဇရာမရှိ၊ ဇရာမရှိ။
အံမယ် ငါ့သားက အမေ့ကို မြှောက်နေပြန်ပြီ။
ကြည့်ကြစမ်းဗျာ။
ဒေါ်ဒေါ်မျက်နှာမှာ သွေးရောင်တွေ လွှမ်းလို့၊ မျက်လုံးလေးတွေက ကြည်လို့။ ကျွန်တော်က ဆရာဝန်မကြီးကို လက်မ ထောင်ပြလိုက်တယ်။ ရင်ဘတ်ကြီး ဖွင့်ပြလိုက်တယ်။ ခုတော့ ဒေါ်ဒေါ် မရှိတော့ဘူး။
(၂)
ကိုဘဂျမ်းကြီး မြန်မာစာကို ချစ်တာ၊ မြန်မာမှုကို မြတ်နိုးတာ အားလုံးအသိ။
ကိုဘဂျမ်းရေ ကျုပ်တို့ မြန်မာတွေဟာလေ စပါးစိုက်တယ် ဗျာ။ စားဖို့။ ၀ါ စိုက်တယ်ဗျာ။ ၀တ်ဖို့။ သစ်တွေ၊ ၀ါးတွေ ခုတ်တယ်ဗျာ။ ကျောင်းကန်ဇရပ်တွေ ဆောက်ဖို့၊ နေဖို့။ အိတ်စ်ပို့တွေ၊ အင်ပို့တွေဆိုတာ မရှိခဲ့ဘူးလေ။ ဒီလိုပဲ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ ဒီရွာက ကောင်မလေးကို ဒီရွာက ကောင်လေးက မြင်တယ်။ ဒီရွာက ကောင်မလေး မိဘက ဒီရွာက ကောင်လေးမိဘကို မြင်တယ်။ မင်းသားနဲ့ ငါ့သမီး ပေးစားလိုက်ကြစို့ဆိုပြီး အိမ်ထောင်ချပေးလိုက်တာ။
ဒီရွာက ကောင်မလေး ဟိုရွာ ရောက်မသွားအောင် ကြိုကန် ကန်ခဲ့ကြတယ်ဗျာ။
ပ၀ါပါး ကြက်သားထုပ်တော့ စွန်းတတ်တယ်။ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းတတ်တယ်တဲ့။ ခုတော့ ကမ္ဘာဟာ ရွာဖြစ်သွားပြီ။ အိတ်စ်ပို့ အင်ပို့တွေနဲ့ တံခါးတွေ ပွင့်သွားပြီ။ ကိုဘဂျမ်းကြီးက ပါးစပ်ဟပြီး သဘောတွေ ကျနေလိုက်တာ။ အာရည်တွေများ စီးလို့။ ဒီခေတ်ကြီးထဲမှာ ကျုပ်တို့ ကိုဘဂျမ်းကြီးလည်း နောက်ကျ ကျန်မနေဘူးနော်။ သမီးကို ဘယ်လ်ဂျီယံထိ အိတ်စ်ပို့ လုပ်ပလိုက်တယ်။ ဆဲလိုက်တာဗျာ ပျစ်ပျစ်နှစ်နှစ်။ မျက်နှာကြီးကတော့ ပြုံးလို့။ ခုတော့ ကိုဘဂျမ်း မရှိတော့ဘူး။
(၃)
ကြည်လင်က ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူး။ သူ့အစ်ကို ငညိုကမှ ကျွန်တော့် သူငယ်ချင်း။ သူက ကျွန်တော့်ညီနဲ့ သူငယ်ချင်း။ ဒီနှစ်ကောင်က ချိုးတည်တယ်။ ကြက်တိုက်တယ်။ သိပ်ညီတဲ့ အတွဲ။
သူတို့ဆရာကြီး ဘိုးညိုနဲ့ ချိုးတည်သွားကြတော့ ကျွန်တော် လိုက်သွားတယ်။ ဘိုးညိုအကျင့်က ချိုးတည်ပြီဆိုရင် ကွမ်းသီးစိတ်လေးတွေကို မြတ်ခင်းပေါ်ကြဲကာ တစ်စိတ်စီ တစ်စိတ်စီ ကောက် ကောက် ၀ါးတယ်။ အိမ်ချိုးက တည်ချိုးကို ခွပ်မယ်အလုပ် သူက မြက်ခင်းပေါ်က ကွမ်းသီးစိတ် အယူ၊ ကွမ်းသီးစိတ် မဟုတ်ဘဲ ခွေးချေးတုံခြောက် ကောက်ပြီး ပါးစပ်ထဲ ထည့်ဝါး။ ကျွန်တော်က ရယ်ချင်လိုက်တာ။ ခြေအသာဖွ နင်းပြီး ထွက်ပြေးလာခဲ့ရတယ်။
ဒီနှစ်ကောင် တိုက်ကြက်ကြီးတစ်ကောင် အိတ်ထုပ်ချဆီက ၀ယ်လာပြီး ကျွေးသား မွေးသားကျအောင် ကျွေး။ ခွပ်လက်ချ။
ကောင်းလိုက်တဲ့ ကြက်ကြီးဗျာ။ တိုက်တိုင်းနိုင်။ ပေခုံတဲ့။ သူတို့ ပေးထားတဲ့ နာမည်။ ပေခုံကြီးနဲ့ သားဖောက်ရောင်းလိုက်တာ ငွေတော်တော်များများ ရသွားကြသဗျ။
ဒီကောင် ကြည်အောင် ဖြစ်လာတော့ ပုဂံလမ်းက ကိုဘဂျမ်းဆီ ရောက်သွားကြပါရော။ ကိုဘဂျမ်းက အနောက်ခြမ်း။ အရှေ့ခြမ်းက ကိုမောင်မောင်ညွှန့်၊ ကဗျာ ဆရာကြီး မင်းလှညွှန့်ကြူး။ စွမ်းလည်း ပါရဲ့။ ကိုမောင်မောင်ညွှန့်လည်း ကူးလာတာပေါ့။ စကားဝိုင်းမှာ ကြက်ပါရဂူကြီး ပညာထုတ်ပါလေရော။ ကိုမောင်မောင်ညွှန့် ခင်ဗျားတည်းတဲ့ မဟာရဌသာရ ပကိဏ္ဏကစုထဲက တိုက်ကြက်ကောင်း လင်္ကာကုက္ကုဋင်္ဂါမှာ စာတစ်လုံး မှားနေသဗျ။
ဘယ်ဟာလည်း ဘယ်လိုမှားတာလဲဗျ ကိုကြည်အောင်ရ။ ဗျာ ကျဉ်းခြေခံဆိုတဲ့ စကား။ အမှန်က ကျဉ်းချေးခံဗျ။
ကြက်ကို ပိုက်လိုက်၊ စအိုအောက်ကို လက်ညှိုးလေးနဲ့ စမ်းလိုက်၊ အရိုးလေး နှစ်ချောင်းကို တွေ့လိုက်မယ်။ အဲဒါ ချေးခံရိုးလို့ ခေါ်တယ်။ အဲဒီ အရိုးလေးက ကျဉ်းနေမှ တိုက်ကြက်ကောင်း။ ရရစ် မဟုတ်ဘူး။ ယပင့်ဝစ္စနှစ်လုံးပေါက် ချီးခံရိုးပေါ့ဗျာ။
ဒီဝိုင်းမှာတော့ ဒီကောင်က ဆရာကြီး။ ခုတော့ ဒီကောင် မရှိတော့ဘူး။
ကျွန်တော့် ညီလေး မရှိတော့ဘူး။
(၄)
တောမြင်လွမ်း တောင်မြင်လွမ်း
ကြယ်မြင်လွမ်း လမြင်လွမ်း
အလွမ်းမြိုင်
လွမ်းခိုင်ဖွေးလှုပ်၊ အလွမ်းရုပ်နဲ့
ကျွန်ုပ်
ငုတ်တုတ်ငိုင်တိုင် ထိုင်နေပါရစေ။
ငုတ်တုတ်ငိုင်တိုင် ထိုင်နေပါရစေ။
ကိုလေး (အင်းဝဂုဏ်ရည်)
မန္တလေးအလင်း
ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်
0 comments:
Post a Comment