[By Pyae Sone Aung]
Joseph Goldstein
*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*
ပလေတိုး၏ "သမ္မတနိုင်ငံကျမ်း" တွင် လိုဏ်ခေါင်း တစ်ခုနှင့် ပတ်သတ်သော ထင်ရှားသည့် ဥပမာ တင်စားချက် တစ်ခု ရှိပါသည်။ ဥမင် လိုဏ်ကြီးထဲတွင် လူတန်းရှည်ကြီး တစ်ခု ရှိ၏။ ထိုလူများ အားလုံးကို ကျောဘက် နံရံကို မျက်နှာ မူစေရန် ကြိုးဖြင့် တုတ်နှောင်ထား လေသည်။ လူတန်းရှည်ကြီး၏ ကျောဘက်တွင် မီးရောင် တစ်ခုလည်း ရှိသည်။ ပုံပန်းသဏ္ဌာန် အမျိုးမျိုးသည် အမျိုးမျိုးသော ဘ၀ ကိစ္စများကို ဆောင်ရွက်ရေး အတွက် လူလားခေါက်ပြန် သွားလာ နေကြဟန် များကို ပြသနေသည့် သဏ္ဌာန် အတန်းရှည်ကြီး တစ်ခုလည်း ရှိ၏။ ပုံသဏ္ဌာန် အမျိုးမျိုး အတန်းရှည် ကြီး၏ အရိပ်များက ဥမင် လိုဏ်ခေါင်းကြီး၏ ကျောဘက်က နံရံပေါ်မှာ ကျရောက်နေကြ လေသည်။ ကြိုးဖြင့် တုတ်နှောင်ထားသော လူများသည် အမျိုးမျိုး ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိသော နံရံပေါ်က အရိပ် မြင်ကွင်းကိုသာ မြင်ကြရပြီး ထို အရိပ်များကိုပင် အစစ်အမှန် ပရမတ် တရားများဟု ထင်မှတ် နေကြလေသည်။
တစ်ခါမှာတော့ ဤသို့ နှောင်ကြိုးငင်ခြင်း ခံထားရသော လူတစ်ယောက်သည် ကြီးစွာသော လုံ့လကို ပြုသဖြင့် တင်းထားသော နှောင်ကြိုးမှ ပြေလျော့သွား ရကား နောက်ဘက်သို့ လှည့်ကြည့်ခွင့်ကို ရသွား လေတော့၏။ သူ သို့မဟုတ် သူမသည် မီးကိုလည်း မြင်ရ၏။ စီတန်း လှည့်လည် နေသူတွေ ကိုလည်း မြင်ရ၏။ ထိုအခါ မှသာ သူမြင်ခဲ့ရသော အရိပ် သဏ္ဌာန် များသည် အစစ်အမှန် ပရမတ် တရားများ မဟုတ်ကြောင်း၊ နံရံပေါ်မှာ မီးရောင် ဟပ်၍ ထင်နေသော အရိပ်များသာ ဖြစ်ကြောင်း စတင် သိမြင်သွား လေတော့၏။ နောက်ထပ် လုံ့လကို ပြုပြန်သော အခါ ထိုပုဂ္ဂိုလ်သည် နှောင်ကြိုးများမှ လုံးဝ လွတ်မြောက်ခြင်းသို့ ရောက်သွား ပြန်၏။ ထိုအခါ သူသည် နေ၏ အလင်းရောင် ရှိရာသို့ ထွက်မြောက်ကာ လွတ်လပ်ခွင့်ကို ရသွားလေ တော့၏။
ကျွန်ုပ်တို့၏ ဘ၀ အကျပ်အတည်းများ သည်လည်း လိုဏ်ဂူတွင်းက နှောင်ကြိုး ဖွဲ့တုပ်ခြင်း ခံရသူများ၏ အဖြစ်နှင့် တူလှပါသည်။ အရိပ်များ ဆိုသည်မှာ ကျွန်ုပ်တို့ အသက်ရှင် နေထိုင်လျက် ရှိသော ပညတ် လောကပင် ဖြစ်၏။ တဏှာ၊ ဒိဋ္ဌိ၊ ဥပါဒါန်၊ သံယောဇဉ်များ နှောင်ဖွဲ့ခြင်းကို ကျွန်ုပ်တို့ ခံစားနေရ ပါသည်။ ကျွန်ုပ်တို့သည် လောကကို ရှုမြင်ကြ ရာ၌ ကျွန်ုပ်တို့၏ အယူအဆများ၊ ကျွန်ုပ်တို့၏ အတွေး အခေါ်များ၊ ကျွန်ုပ်တို့၏ စိတ်အလို ဆန္ဒများ အရ ပညတ်များကို ပရမတ် အထင်ဖြင့် ရှုမြင် နားလည်နေကြ လေသည်။
ကျွန်ုပ်တို့ကို အကြီးအကျယ် ပြုပြင် စီမံနေသော ပညတ် တရားများကား အမြောက် အမြား ရှိလေသည်။ ထို ပညတ်များသည် ကျွန်ုပ်တို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အလေ့အကျင့် ဖြစ်အောင် အတိုင်အဖောက် လုပ်လျက် အကွက် ဆင်နေကြ လေသည်။ ဥပမာ လူအများ၏ ဘ၀သည် အရပ်ဒေသ ပညတ်ကို အစွဲအလမ်း ဥပါဒါန် အစွဲကြီး စွဲလျက် ရှိတတ်ကြ ပါသည်။ နိုင်ငံစွဲ၊ လူမျိုးစွဲ ကြီးခြင်းမျိုး ဖြစ်ပါသည်။ ဤကမ္ဘာဂြိုဟ် ပေါ်တွင် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံကို ပိုင်းခြားထားသော အကန့်အသတ် အပိုင်း အခြားလည်း မရှိပါ။ ထို အပိုင်းအခြား များကို ကျွန်ုပ်တို့ စိတ်က တမင်တကာ ဖန်တီး လိုက်ကြခြင်းသာ ဖြစ်၏။ သင် နယ်ခြားဒေသကို ဖြတ်ပြီး ခရီးသွားသော အခါတိုင်း နယ်ခြားဟု သတ်မှတ်ထားသော နေရာသည် အမှန်တရား အဖြစ် ထင်ရှား ရှိမရှိကို သိနိုင်သည်။ နယ်ခြားဟု လူတွေက ပိုင်းခြား၍ ပညတ်ထားသော နေရာသည် ဘာမျှ အကွဲအပြား အပိုင်းအခြား မရှိ၊ ရေကြော မြေကြော ဆက်လျက်ပင် ရှိသည်ကို တွေ့ရမည် ဖြစ်၏။
ထို့ကြောင့် ကမ္ဘာ့ ပြဿနာများ၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အားလုံးသည် အတွေးအခေါ် အယူအဆနှင့် ပတ်သတ်သော ပြဿနာများသာ ဖြစ်နေကြောင်း တွေ့နိုင်သည်။ "ဒါ ငါ့လူမျိုး၊ ဒါ ငါ့တိုင်းပြည်" ဆိုသော အယူအစွဲ များကြောင့် ကမ္ဘာ့ ပြဿနာများ ပေါ်ပေါက် နေရကြောင်း သိသာ ထင်ရှားသည်။ ပညတ်ဟူသည် ကျွန်ုပ်တို့၏ အတွေးအခေါ် ဖြစ်စဉ်မှ ဖန်တီးလိုက်သော အရာမျိုးသာ ဖြစ်သည်ဟု နားလည်လိုက်ပြီ ဆိုပါက ကျွန်ုပ်တို့သည် ထို ဥပါဒါန် အစွဲ အလမ်းများမှ စတင်၍ လွတ်မြောက် လာပါတော့သည်။
ဒေသစွဲ တစ်ခုနှင့် ပတ်သတ်၍ သရုပ်ဖော်ထားသော ပုံဝတ္ထု တစ်ခုကို ကျွန်ုပ်အား အိန္ဒိယ ပြည်တွင် ခရီး လှည့်လည်နေသော ဂရိ အမျိုးသမီး တစ်ဦးက ပြောပြ ဖူးလေသည်။ သူကမ နယ်ခြားဒေသကို သူမသည် သဲကန္တာရ အလယ်က ဖြတ်သန်း လာခဲ့ကြောင်း ပြောသည်။ နယ်စပ်သည် ရေခမ်းခြောက် နေပြီ ဖြစ်သော မြစ်ကြီး တစ်ခု ဖြစ်ကြောင်း၊ မြစ်ပေါ်၌ ကြီးမားသော တံတားကြီး တစ်ခု ရှိကြောင်း၊ ထို သံတံတား၏ ထက်ဝက်ကို အစိမ်းရောင် ဆေးခြယ် ထားကြောင်း၊ အခြား ထက်ဝက်ကိုမူ အနီရောင် ဆေးခြယ် ထားကြောင်း၊ ထိုနေရာတွင် လွင်တီးခေါင် သဲကန္တာရနှင့် အရောင်စုံ ခြယ်ထားသော တံတားမှ အပ ဘာမျှ မရှိကြောင်း၊ ထိုတံတား၏ အလယ်တွင် သံတံခါးကြီး တစ်ခု တပ်ဆင်ထားပြီး နှစ်ဘက်စလုံး သော့ခတ် ထားကြကြောင်း၊ တစ်စုံ တစ်ယောက်သော သူသည် တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ သွားလိုပါက တံတား တစ်ဘက်က နယ်ခြား စောင့်များကိုရော၊ အခြား တစ်ဘက်က နယ်ခြား စောင့်များ ကိုပါ လှမ်းခေါ် ရကြောင်း၊ ထိုအခါ နယ်ခြား စောင့်များသည် တံတား အလယ်သို့ လာပြီး တစ်ပြိုင်နက်ပင် နှစ်ဘက် စလုံးက ဂိတ်သော့ကို ဖွင့်ပေး ကြကြောင်း၊ ထိုနည်းဖြင့် နယ်ခြားကို ဖြတ်ကျော်ရကြောင်း ပြောပြလေသည်။ ဤကဲ့သို့ ပြုခြင်း ကိုပင် နယ်ခြားကို ဖြတ်ကျော်ခြင်း မည်သတတ်ဟုလည်း ပြောပါသည်။
လူမှာ နေရာဒေသ အစွဲအလမ်း ကြီးသလို၊ အချိန်ကာလနှင့် ပတ်သတ်သော ဥပါဒါန် အစွဲလည်း ကြီးပါသည်။ ကာလ ပညတ်တို့တွင် လူသည် "အတိတ်" ဟူသော ပညတ်ကို လည်းကောင်း၊ "အနာဂတ်" ဆိုသော ပညတ်ကို လည်းကောင်း အလွန် အစွဲကြီး ပါသည်။ ကျွန်ုပ်တို့က "အချိန် (ကာလ)" ဟု ခေါ်သော အရာသည် ဘာလဲ။ ပစ္စုပ္ပန်တွင် ဖြစ်ပေါ်သော အတွေးများ ကျွန်ုပ်တို့မှာ ရှိပါသည်။ ပြန်လည် သတိရ အောက်မေ့ခြင်း၊ ပြန်၍ တွေးတော ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း စသည်တို့ ဖြစ်၏။ ထိုကဲ့သို့ ဖြစ်ပြီးသည်ကို ပြန်တွေးခြင်း၊ ပြန်၍ အောက်မေ့ခြင်း စသည့် စိတ်ကူးများ အားလုံးကို ပေါင်းပြီး ကျွန်ုပ်တို့က "အတိတ်" ဟူသော တံဆိပ်ကို ကပ်ပါတော့သည်။ ထို့နောက် ၎င်းကို ကျွန်ုပ်တို့၏ ပစ္စုပ္ပန်ကို ကျော်လွန်သော တစ်နေရာသို့ ပို့ထားလိုက်ကြ လေသည်။
ထို့အတူ ကျွန်ုပ်တို့သည် အစီအမံ အကြံအစည်များ ကိုလည်း ပြုတတ်ကြ သည်။ သို့မဟုတ် ကြံစည် စိတ်ကူး တတ်ကြ ပါသည်။ ထိုသို့ မဖြစ်သေးသည်ကို ကြံစည် စိတ်ကူးခြင်း များကို ပေါင်းပြီး "အနာဂတ်" ဟု ပညတ် တံဆိပ် ခတ်နှိပ်ကြ ပါတော့သည်။ ပြီးတော့ ထို အနာဂတ်ဆိုသော ပညတ်ကို ကျွန်ုပ်တို့၏ စိတ်ကူးထားသော အမှန်တရား တစ်နေရာသို့ ပို့ထား လိုက်ကြ ပါသည်။ ကျွန်ုပ်တို့သည် ယခု မျက်မှောက် ပစ္စုပ္ပန်တွင် ထို အတိတ်ဆိုသော ပညတ်ကို လည်းကောင်း၊ အနာဂတ် ဆိုသော ပညတ်ကို လည်းကောင်း ဖြစ်ပျက်သည်ကို မြင်ရခဲ ပါသည်။ ကျွန်ုပ်တို့ အတွ့အကြုံမှာ ပေါ်လာသမျှ သဘာဝက ဖွင့်လှစ် ပြသ နေသည်ကတော့ ပစ္စုပ္ပန် ချည်းသာ ဖြစ်၏။
ကျွန်ုပ်တို့သည် ထို ပညတ်များကို အသုံးကျသော ကိစ္စများ အတွက် ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ သို့သော် ထိုပညတ် များသည် ကျွန်ုပ်တို့ ဘာသာ စိတ်ကူးဖြင့် ဖန်တီးခဲ့ ကြသော ပညတ် တရားများသာ ဖြစ်ကြသည် ဆိုသော အချက်ကို နားမလည်ဘဲ ထို စိတ်ကူး အယူအဆ များကိုပင် ပရမတ် တရားများဟု ယူဆမိ ကြသော အခါဝယ် ကျွန်ုပ်တို့မှာ အနာဂတ် အတွက် တွေးတော ပူပန်ခြင်းနှင့် အတိတ်က အမှားများ အတွက် နောင်တ ဖြစ်ခြင်း၊ ၀မ်းနည်း ကြေကွဲခြင်း၊ ၀န်ထုပ်ဝန်ပိုး ဖိစီးခြင်းကို လေးလံစွာ ခံစားကြရ လေတော့သည်။ ကျွန်ုပ်တို့သည် ပစ္စုပ္ပန် တည့်တည့်မှာ ပြန်၍ အခြေချ နေထိုင်နိုင်သော ကာလ၀ယ် အတိတ် ဆိုသော အရာ၊ အနာဂတ် ဆိုသော အရာတို့သည် ပစ္စုပ္ပန်၌ ဖြစ်သော အတွေးများ၊ စိတ်ကူးများသာ ဖြစ်ကြောင်းကို နားလည် သဘောပေါက်သော ကာလ၀ယ် ကျွန်ုပ်တို့သည် "အချိန်ကာလ" ဆိုသော ပညတ်၏ နှောင်ဖွဲ့မှု (ကာလ ဥပါဒါန်) က လွတ်မြောက်သွား ပါတော့သည်။
ပညတ် တရားတို့၏ သဘာဝကို ထိုးထွင်း သိမြင်ရန်နှင့် ထို ပညတ်များ အပေါ်တွင် ကျွန်ုပ်တို့သည် မည်မျှလောက် အစွဲ အလမ်း ကြီးနေကြ သည်ကို သိရန် အတွက် ၀ိပဿနာ ဉာဏ်ကို ထူထောင် ခြင်းသည် အသုံးဝင်လှ ပါ၏။ ကျွန်ုပ်တို့မှာ ပစ္စည်း ဥစ္စာတို့ကို "ပိုင်ဆိုင်သည်" ဆိုသော အယူအဆ တစ်ရပ် ရှိကြပါသည်။ ယခု ကျွန်ုပ်တို့ ထိုင်၍ တရား အားထုတ်နေသည့် ဖုံမွေ့ရာက သူ့ကို ဘယ်သူ ပိုင်ဆိုင်သလဲ ဆိုသည်ကို မသိပါ။ ပိုင်ဆိုင်ခြင်း ဆိုသော အယူ အဆသည် အရာဝတ္ထု အမျိုးအမျိုးနှင့် ကျွန်ုပ်တို့ နီးနီးကပ်ကပ် ရှိနေခိုက်၊ ထိုပစ္စည်းကို သုံးစွဲ နေခိုက်မှာ ထို အရာဝတ္ထုကို ငါ ပိုင်ဆိုင်သည် ဆိုသော အယူအဆ ဖြစ်နေပါသည်။ အမှန်မှာ "ပိုင်ဆိုင်ခြင်း" ဆိုသော ပညတ်သည် စိတ်၏ ဖြစ်စဉ် တစ်ခုသာလျှင် ဖြစ်၏။ ထို အယူအဆသည် လောကထဲက ၀တ္ထု ပစ္စည်းများနှင့် ကျွန်ုပ်တို့၏ ဆက်သွယ်ပုံနှင့်ကား တသီးတခြား အလွတ် ဖြစ်၏။ ကျွန်ုပ်တို့သည် "ပိုင်ဆိုင်မှု" ဆိုသော ဥပါဒါန် အစွဲအလမ်း သံယောဇဉ်မှ ကင်းလွတ်သွား ပါက ကျွန်ုပ်တို့ ကိုယ်ကို ၀တ္ထု ပစ္စည်းတို့၏ ကျေးကျွန် ဘ၀က လွတ်မြောက်အောင် ပြုလုပ်လိုက် ခြင်းပင် ဖြစ်ပါတော့သည်။
ဆက်ပါဦးမည်။
ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ…
လေးစားစွာဖြင့်
ဖိုးသား
7/6/2011 10:39:19 AM
0 comments:
Post a Comment