 | အစိုးရသစ် ပြည်တွင်းစစ် အစပြန်ဖော်နေပြီလား ဧရာဝတီ Tuesday, 21 June 2011 16:28 အယ်ဒီတာ့အာဘော် နိုင်ငံ၏ ဒေသများစွာ၌ လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ကာလ အတွင်း စစ်အာဏာရှင်ဟောင်းများ တည်ဆောက်ခဲ့သော "ငြိမ်းချမ်းရေး" သည် အမည်ခံ သက်သက်သာ ဖြစ်နေပြီး နောက်ဆုံး၌ စစ်ပွဲအသွင် ပြန်လည် ကူးပြောင်းရေးသို့ ဦးတည်နေသည်ကို မြင်နေရသည်။
"စစ်အာဏာရှင်ဟောင်းများ" ဆိုသည်မှာ တမင်ရည်ရွယ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အတုအယောင် ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရသစ် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ မတိုင်မီကာလ အနည်းငယ်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော သဘောထား တင်းမာသည့် စစ်ခေါင်းဆောင်များ ဖြစ်သည်။ သို့သော် အစိုးရသစ် အမည်စာရင်းတွင် သိသိသာသာ ပျောက်နေသည့် တဦးတည်းသော ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ ၄င်းသည် လက်ရှိ "အရပ်သား" အစိုးရသစ် အား သြဇာညောင်းလျက် ရှိပြီး ပဲ့ကိုင်နေသည်မှာ သေချာသလောက် ရှိသည်။
ဤကိစ္စနှင့်ပတ်သက်၍ သို့လောသို့လော ဖြစ်နေသူများအနေနှင့် ပြီးခဲ့သည့် ရက်သတ္တပတ် အစောပိုင်းကစ၍ ဖြစ်ပွားနေသော ကချင် ပြည်နယ်တွင်း တိုက်ပွဲများကို ကြည့်၍ သံသယ ရှင်းသင့်သည်။ ၁၉၉၄ ခုနှစ်က စတင်ခဲ့သော နှစ်ဘက်သဘောတူ အပစ် အခတ် ရပ်စဲရေးကို ပျက်ပြားစေသည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့၏ ယင်းတိုက်ပွဲများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ "အမျိုးသားပြန်လည်သွေးစည်းမှု" နောက်ဆုံးအဆင့် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုများ အတွက် အဖြေပင် ဖြစ်သည်။
ထို့ကြောင့် တရုတ်-မြန်မာ နယ်စပ်အနီး မိုးမောက်ဒေသမြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် မည်သို့မျှ အံ့သြဖွယ် ရာ မရှိပါ။ မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ငြင်းဆန်ခဲ့မှုကြောင့် တချိန်တွင် စစ်ပွဲများ မလွဲဧကန် ဖြစ်ပွားလာနိုင်သည်ဟု ကချင်ခေါင်းဆောင်များက ယမန်နှစ် အစောပိုင်းကပင် ပြောပြခဲ့ဖူးသည်။
အစိုးရအနေနှင့် KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စေ့စပ်ဆွေးနွေးမှုများ မပြုလုပ်ပါက ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းစစ်အသွင် ပြောင်းသွားနိုင်သည်ဟု KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က လွတ်လပ်သည့် အာရှအသံသို့ မကြာသေးခင်က ပြောကြားခဲ့သည်။
ထို့သို့ ပြောကြားမှုသည် အခြေအမြစ်မရှိသည့် ခြိမ်းခြောက်မှုမဟုတ်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ပြီးပြီးချင်းတွင် အပစ်အခတ်ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ချိန်မှစ၍ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ အကြား တင်းမာမှု မြင့် မားလာခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း မတ်လမှစ၍ ပဋိပက္ခများ ထပ်မံဖြစ်ပွားလာခဲ့သည်။ ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်များအကြား တိုက်ပွဲကြီးငယ်များ ဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများအတွင်း နှစ်ဘက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိ၍ အရပ် သား အများအပြားလည်း သေဆုံးကြရသည်။
နိုင်ငံရေးစစ်မြေပြင်တွင် အောင်ပွဲရခဲ့သော မြန်မာအစိုးရက တိုင်းရင်းသား အတိုက်အခံများအား ခြေမှုန်းရေးမူဝါဒကို အခိုင်အမာ အကောင်အထည် ဖော်နေခြင်းပင် ဖြစ်သည်။
သို့သော် ဤသို့ဆောင်ရွက်နေခြင်းမှာ မပြီးပြတ်သေးသော မြန်မာပြည် နယ်စပ်ဒေသများအထိ တပ်မတော်က ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းမျှသာ မဟုတ်၊ လက်ရှိအစိုးရ အာဏာတည်ရေး မဟာဗျူဟာအတွက် ပို၍ အရေးပါနေသောကြောင့်လည်း ဖြစ်သည်။
ရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ်နိုင်ငံက ရေကာတာကြီးနှစ်ခု တည်ဆောက်နေသော ဒေသတွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ ယင်း ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ၄င်းတို့၏ ဗျူဟာမြောက် အခြေစိုက်စခန်း အားဖျက်သိမ်းခိုင်းခြင်းကို ကချင်တပ်ဖွဲ့များက ငြင်းဆန်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကချင်တပ်ဖွဲ့များအား နှင်ထုတ်ရန် ရာနှင့်ချီသော အစိုးရတပ်ဖွဲ့ဝင်များကို ဖြန့်ချထားခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
တရုတ်အစိုးရကလည်း နိုင်ငံပိုင် တရုတ် ဒေတန် ကော်ပိုရေးရှင်း (China Datang Corporation)မှ အင်ဂျင်နီယာ ၃၀ ခန့် ပဋိပက္ခအတွင်း ပိတ်မိနေသည်ဟု တရားဝင် အတည်ပြု ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်အတွက် သမ္မတသစ် ဦးသိန်းစိန် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြန်မာ့တပ်မတော်က KIA ကို စစ်ဆင်ရေးဆင်နွှဲရန် ဆုံးဖြတ်ခဲ့သည်မှာလည်း တိုက်ဆိုင်မှု မဟုတ်ပေ။
ဦးသိန်းစိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုများထဲမှ ကိစ္စရပ်တခုမှာ နယ်စပ် တည်ငြိမ်ရေးပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာ အစိုးရက ကိုးကန့်တပ်မတော်ကို တိုက်ခိုက်ခဲ့သဖြင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရပြီးနောက်ပိုင်းမှစ၍ နယ်စပ်တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရက အထူး စိုးရိမ်မကင်း ရှိနေခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ မေးစရာ ရှိလာသည်မှာ တရုတ်နှင့် မြန်မာ ဗိုလ်ချုပ်ကြီးများ၏ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိသည့် စီမံကိန်းကို ကာကွယ်ရန်အတွက် KIA အား တိုက်ခိုက်ရန် တရုတ်ခေါင်းဆောင်များက ဦးသိန်းစိန်ကို မီးစိမ်းပြခဲ့လေသလား ဟူ၍ပင် ဖြစ်သည်။
အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက KIA သည် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ စနစ်တကျ စီစဉ်ပြင်ဆင် ထားသည့် စစ်ဆင်ရေးတရပ်နှင့် ရင်ဆိုင်ရပါက ၄င်းတို့၏ ခြေကုပ်စခန်းများအား ခြောက်လထက်ပို၍ ထိန်းထားရန် ခက်ခဲလိမ့် မည်ဟု KIA ခေါင်းဆောင်များက ဖွင့်ဟကြသည်။ စစ်သည် ၅၀၀၀ နှင့် ၈၀၀၀ ကြားရှိသော KIA သည် အင်အား ၄၀၀၀၀၀ ခန့် ရှိသည့် မြန်မာ့ တပ်မတော် ၏ ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်မှုကို ခံရပေလိမ့်မည်။ KIA အနေနှင့်မူ အစုလိုက်အပြုံလိုက် သွေးထွက် သံယိုမှုများနှင့် ဒုက္ခသည်အများအပြား နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှုများမှ ရှောင်ရှားနိုင်ရေးအတွက် မြန်မာအစိုးရနှင့် စေ့စပ်ဆွေး နွေးရန် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ဖွယ်ရာ ရှိသည်။
KIA အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့်သာ ၄င်းတို့၏ ဒေသများ တွင် စစ်မီးတောက်လောင်လာမည်ဟု မယူဆထားသင့်ပေ။ အစိုးရသစ်၏ အင်အားသုံးဖြေရှင်းမှုသည် အစိုးရဟောင်း၏ အကျင့် အကြံကို ဆက်လက် ကိုင်စွဲနေခြင်းပင် ဖြစ်သည်။ ထိုအချက်မှာ မြန်မာနိုင်ငံသည် ၎င်း၏ အာဏာစက်အောက်၌ စုစည်းညီညွတ်ရ မည်ဟူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးဗျူဟာကို အတည်ပြုပေးသော လုပ်ရပ်သာလျှင် ဖြစ်ပါသည်။
A New 'Civilian' Government Revives an Old Civil War ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။ The Irrawaddy! - the dynamic portal engine and content management system |
0 comments:
Post a Comment